Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ရွာ ၂ ရွာကို စစ်ကောင်စီအဖွဲ့ ဝင်စစ်ပြီး ဒေသခံတစ်ချို့အား သေနတ်ဖြင့် လှမ်းပစ်

ကျောက်ဖြူတွင် ရွာ ၂ ရွာကို စစ်ကောင်စီအဖွဲ့ ဝင်စစ်ပြီး ဒေသခံတစ်ချို့အား သေနတ်ဖြင့် လှမ်းပစ်

AB News – ဒီဇင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ရှောက်ချောင်းရွာနှင့် စိုင်ခြုံရွာတို့ကို စစ်ကောင်စီအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဒေသခံတစ်ချို့အား သေနတ်ဖြင့်လှမ်းပစ်ခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်း ၄ နာရီ ၂၅ မိနစ်တွင် ၎င်းကျေးရွာ ၂ ရွာသို့ဝင်ရောက်လာခဲ့ကာ စိုင်းခြုံရွာ၏ ဆိပ်ကမ်းအနီးမှ လူတစ်ချို့ကို သေနတ်ဖြင့်လှမ်းပစ်ခဲ့သော်လည်း ကျည်ထိမှန်မှု မရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စကစ အဖွဲ့သည် အိမ်​ထောင်စုစာရင်းစစ်မည်ဟုအကြောင်းပြကာ အိမ်များပေါ်သို့တက်ပြီး ပြည်သူပိုင်ပစ္စည်းတစ်ချို့ကို အဓမ္မမွှေနှောက်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“အိမ်ထောင်စု စာရင်းစစ်မယ်လို့ ပြောပြီး အိမ်ပေါ်တွေတက်ကြတယ်၊ သူတို့လုပ်ချင်တဲ့အတိုင်း ဟိုဟာရှာ ဒီဟာရှာ လုပ်သွားတယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ဒေသခံများအား ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ယူပြီး ၎င်းရပ်ရွာတွင် AA ရှိသလားဟု မေးမြန်းခြင်း၊ သတင်းပေးသူများအား ရှာဖွေမေးမြန်းခဲ့ခြင်းပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ တစ်ဆင့်သိရသည်။

၎င်းတို့ ရုတ်တရက် ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့သည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့် ခဲ့ရကြောင်း သိရသည်။

လက်ရှိ ရက္ခိုင်ပြည်အတွင်း အထိနာ ကျဆုံးလျက်ရှိသော စစ်ကောင်စီအဖွဲ့ဝင်တို့သည် ကျေးရွာများသို့ လက်နက်ခဲယမ်းအပြည့်ဖြင့်ဝင်ရောက်ပြီး စိတ်ဓာတ်စစ်ဆင်ရေးအသွင်ပြုလုပ်လာခြင်း၊ သေနတ်များဖြင့် လှမ်းပစ်ပြီး ခြိမ်းခြောက်လာခြင်း၊ အရပ်သားပြည်သူများအား AA ဟုသတ်မှတ်၍ ဖမ်းဆီးမှုများပြုလုပ်လာခြင်းများနှင့် ပြန်ပေးဆွဲ ခြင်းများကို တစိုက်မတ်မတ် ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ