
AB News – သြဂုတ် ၁၈၊ ၂၀၂၅
နွယ်စိုး
ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေချိန်၌ အကြမ်းဖက်စစ်ကော်မရှင် ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
သြဂုတ်လ ၁၆ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်တွင် စစ်ကော်မရှင်တပ်က ကျောက်ဖြူမြို့နယ်၊ ဂေါ်တူကျေးရွာဟောင်းအနီးသို့ ဒရုန်းဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက AB News သို့ပြော သည်။
“နေ့လယ် ၁ နာရီလောက်မှာ ဂေါ်တူကျေးရွာဟောင်းနားကို ဒရုန်းနဲ့ ဗုံးလာကြဲတာ။ လိပ်ခမော်ရွာသစ်နဲ့ ရွာဟောင်းကနေ စစ်ရှောင်လာတဲ့ ဒုက္ခသည် ၂ ဦးသေဆုံးပြီး ၅ ဦးလောက် ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဦးဇော်မြင့်အေး ၄၈ နှစ် နှင့် မကျန်သိန်း ၅၁ နှစ် တို့သည် ဗုံးစထိမှန်ကာ ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့သည် လိပ်ခမော်ရွာသစ်မှ ဂေါ်တူကျေးရွာသို့ စစ်ဘေးရှောင်နေသူများဖြစ်သည်။
ဒဏ်ရာရရှိသူများမှာ ဦးမောင်နိုင်ဝင်း ၄၈ နှစ်၊ ဦးဂျွန်ဆင် ၅၂ နှစ်၊ ဦးမောင်အေးဖြူ ၆၅ နှစ် ၊ ဦးခင်မောင်မြင့် ၄၃ နှစ် နှင့် ကိုစိုးဝင်းနိုင် ၂၄ နှစ်တို့ ဖြစ်ကြသည်။
ထို့အပြင် သြဂုတ်လ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင် ရေတပ်က လူနေအိမ်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လိပ်ခမော်ရွာဟောင်းမှ ဦးခင်မောင်ချစ် ၄၀ နှစ်သေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား နေရာအနည်းဆုံး ၅ ခု၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်းလည်း သိရသည်။