
AB News – မတ် ၅၊ ၂၀၂၅
ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာတွင် ယနေ့ မတ်လ ၅ ရက် နံနက်ပိုင်းအချိန် စစ်ကောင်စီနေဗီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁ ဆောင် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီနေဗီသည် သိုင်းချောင်းကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
“စစ်ကောင်စီရေတပ် နေဗီ က ဒီနေ့မနက် ၁၀ နာရီလောက်က ပစ်လိုက်တာ။ သိုင်းချောင်းရွာက အိမ် ၁ လုံးမှာကျပြီး ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။
လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ် ၁ လုံး ပျက်စီးပြီး ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျောက်ဖြူတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့သည် ၂ ဖက် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အနီးအနား ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။