AB News – ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆
ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာမှ အသက် ၈၀ အရွယ် ဒေါ်စောဖြူမ ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၅ နာရီကျော်အချိန် ကျောက်ကလေကျေးရွာအောက်ဖက် ပင်လယ်ပြင်တွင် ရပ်နားထားသည့် စကမ နေဗီမှ လက်နက်ကြီး ၄ လုံးထက်မနည်း ရမ်းသန်းပစ်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည်တစ်လုံးမှာ ကျောက်ပြောက်ကျေးရွာရှိ ဦးထွန်းခိုင်၏ နေအိမ်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမိဖြစ်သူ ဒေါ်စောဖြူမ မှာ ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ယင်းအပြင် နေအိမ်မှာလည်း လက်နက်ကြီးကြောင့် ပျက်စီးခဲ့ရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နေ့လည် ၁ နာရီခန့်အချိန်တွင် စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာရှိ စစ်ဘေးရှောင်များခိုလုံနေသည့် စာသင်ကျောင်းကို အသေခံဒရုန်းဖြင့် လေကြောင်းတိုက်ခိုက် မှုပြုလုပ်ခဲ့သောကြောင့် စာသင်ကျောင်းတွင် နေထိုင်သည့် စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် အပါအဝင် စစ်ရှောင်ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီ၊ ၃၅ မိနစ်အချိန်တွင် ဇင်ချောင်းကုန်းဘွေကျေးရွာ၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမထက် ရွှေရက္ခိုင်ကားဂိတ်အနီးသို့ စစ်ကော်မရှင်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော်နှင့် စကမတို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် စကမ၏ လေကြောင်း၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု မြှင့်တက်လျက်ရှိကြောင်း သိရသည်။


