Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
UNHRC ၏ ဘက်လိုက်သည့် ထုတ်ပြန်ချက်နှင့် ရက္ခိုင်ပြည်သူများအား ကုလသမဂ္ဂ၏ ကာကွယ်စောင့်ရှောက်ခြင်း ပျက်ကွက်နေမှုအပေါ် အမေရိကန်ရက္ခိုင်လူမှုအဖွဲ့အစည်း ပြင်းပြင်းထန်ထန် ရှုတ်ချ

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) ၏ ဘက်လိုက်သည့် ထုတ်ပြန်ချက်နှင့် ရက္ခိုင်ပြည်သူများအား ကုလသမဂ္ဂ၏ ကာကွယ်စောင့်ရှောက်မှု ပျက်ကွက်နေသည့်အပေါ် အမေရိကန်ရက္ခိုင်လူမှုအဖွဲ့အစည်း(AAC)မှ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ယမန်နေ့ မေလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အကြီးအကဲ Volker Türk က မြန်မာနိုင်ငံရှိ ရက္ခိုင်ပြည်အကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ရက္ခိုင်ပြည်၏ အခြေအနေများကို ဖမ်းဆုပ်ရန် ကြိုးပမ်းနေသော်လည်း ရက္ခိုင်ပြည်ရှိ ထိခိုက်ခံစားနေရသည့် အရပ်သားအားလုံးကို ကာကွယ်ရန် ကြိုးပမ်းနေခြင်းထက် သူတို့ရွေးချယ်ထားသည့် အရပ်သားအုပ်စုကိုသာ အကာအကွယ်ပေးရန် အာရုံစိုက်နေခြင်းမှာ စိတ်ပျက်စရာပင် ဖြစ်သည်” ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ အာရက္ခတပ်တော်ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေးသည် ရက္ခိုင်ပြည်သို့ ပြန့်နှံ့လာခဲ့ကာ မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီအဖွဲ့၏ ဒုံးပိုက်နယ်ခြားစောင့်စခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။

ယင်းအချိန်မှ စ၍ ရက္ခိုင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းများမှ ကုန်စည်စီးဆင်းမှုနှင့် အရပ်သားများ သွားလာခွင့်ကို ကန့်သတ်လိုက်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ အသုံးပြုပြီး မြို့၊ ရွာများကို အကြမ်းဖက် တိုက်ခိုက်နေမှုများကြောင့် ရက္ခိုင်ပြည်ရှိ အရပ်သားပြည်သူများ ထိခိုက်သေကြေနေရပြီး အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသည့် မြို့များမှာလည်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေပြီး နေ့စဉ်ရက်ဆက် ဗုံးကြဲခြင်း၊ မြို့ရွာများကို ပစ်ခတ်ခြင်း၊ အိမ်ခြေထောင်ချီ မီးရှို့ခြင်းစသည့် နိုင်ငံတော်မှ ကမကထပြုသော အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်လျက်သည်။ ရခိုင်ပြည်တစ်ဝှမ်းရှိ အလွှာပေါင်းစုံမှ အပြစ်မဲ့ အရပ်သားများအား သက်ရောက်လျက်ရှိသည် ဟု AAC က ဆိုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် အရပ်သားများအပေါ် ရက်စက်ယုတ်မာမှုများနှင့် သတ်ဖြတ်မှုများကို တက်ကြွစွာ လျစ်လျူရှုထားပြီး အဆက်မပြတ် ဗုံးကြဲမှုများနှင့် အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်ခြင်း သို့မဟုတ် ၎င်းတို့၏ ကြေညာချက်များတွင် ဖော်ပြထားသည့်တိုင် ထိရောက်သော အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မလုပ်နိုင်ခဲ့ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီအဖွဲ့နှင့် စစ်တပ်မှ ထောက်ပံ့နေသော အုပ်စုနှင့် အကြမ်းဖက်လက်နက်ကိုင်များ၏ ပစ်မှတ်ထားခံနေရသည့် ရက္ခိုင်ပြည်သူများအား အကာအကွယ်ပေးမည့်အစား ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဘက်လိုက်မှုနှင့် သတင်းမှားထုတ်ပြန်ချက်သည် ရခိုင်ပြည်နယ်က မတူညီသည့် အသိုင်းအဝိုင်းများကြားတွင် နားလည်မှုလွဲမှားပြီး တင်းမာမှုများ ပိုမိုဖြစ်စေခဲ့ရသည်။

ထိုထက် ပို၍အရေးကြီးသည်မှာ UNHRC သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ရက္ခိုင်ပြည်သူလူထုနှင့် မြန်မာပြည်သူပြည်သားအားလုံး၏ လွတ်မြောက်ရေးလှုပ်ရှားမှုကို အားနည်းစေခဲ့သည်ဟု ဖော်ပြခဲ့သည်။

Arakan American Community မှ ရခိုင်ပြည်ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဘက်လိုက်သော သဘောထားထုတ်ပြန်ချက်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အကြီးအကဲ Volker Türk သည် ရခိုင်ပြည်အား သတင်းမှားနှင့် ဘက်လိုက်သည့် ကိုင်တွယ်မှုများအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အကြီးအကဲ Volker Türk သည် ကုလသမဂ္ဂအမှုထမ်းများအတွက် ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်မှုအတွက် အပြည့်အဝတာဝန်ယူရန် ကျွန်ုပ်တို့တောင်းဆိုထားသည်။

ထို့အပြင် ရက္ခိုင်ပြည်ရှိ အရပ်သားအားလုံးကို အကာအကွယ်ပေးရေး အာမခံချက်ဖြင့် အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂကိုလည်း တောင်းဆိုထားပါသည်ကို တွေ့ရှိရသည်။

လူမျိုးတုံးသတ်ဖြတ်မှု Genocide အတုကို ခုတုံးလုပ်ပြီး လုပ်စားနေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို အမှန်တရားမြတ်နိုးသည့် မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရန် လိုအပ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခ က ဧပြီလ ၃၀ရက်နေ့က အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောဆိုထားသည်။

ထို့အ​ပြင် ပြီးခဲ့သည့် ဧပြီလအတွင်း ဘူးသီးတောင်မြို့ရှိ ရက္ခိုင်၊ ဟိန္ဒူနှင့် အခြားမျိုးနွယ်စုဝင်များ၏ နေအိမ် ၅၀၀၀ နီပါးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် စစ်သွေးကြွ ဘင်္ဂလီ မူဆလင်များက မီးရှို့ဖျက်ဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ