
AB News- အောက်တိုဘာ ၃၁၊ ၂၀၂၅
ဧကရီ
တရုတ်၏ ကြားဝင်မှုဖြင့် TNLA နှင့် စစ်ကော်မရှင်တို့ အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကော်မရှင်သည် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရက္ခိုင်ပြည်ရှိ မြို့ နယ် ၃ ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့ကို ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက်တည်း၌ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက် ပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ကျော် ဒဏ်ရာရသွားခဲ့သည်။
ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်ခန့်က အကြမ်းဖက်စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ ၂ စီးသည် ပုဏ္ဏားကျွန်းမြို့ရှိ ၅၅၀ တပ်ရင်းအနီးတွင် ဗုံး ၂ လုံး၊ အထက ကျောင်းအနီးတွင် ၁ လုံး နှင့် ရော့ကတ် ၁၀ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူမရှိဟု သိရပြီး နေအိမ်ထိခိုက်ပျက်စီးမှုအချို့ရှိကြောင်း ဒေသခံများထံမှ စုံစမ်း သိရသည်။
အလားတူ ယမန်နေ့ နေလယ်ပိုင်းက ရသေ့တောင်မြို့နယ်၊ မူစဲကမ်းရှိ အောက်ဇီးကိုင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅၂ နှစ် အရွယ် ဦးထွန်းအေးလှိုင်သေဆုံးခဲ့ပြီး ရွာခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် အာရက္ခတပ်တော်၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်ဖြူမြို့နယ်ရှိ ဇင်ချောင်းတိုက်နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို ညနေ ၄ နာရီကျော်ခန့်တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်။
မြောက်ပိုင်း ညီနောင် မဟာမိတ်တပ်များဖြစ်ကြသည့် တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA) နှင့် အာရက္ခတပ်တော် (AA) ၃ ဖွဲ့တို့တွင် TNLA နှင့် MNDAA တို့မှာ စစ်ကော်မရှင်နှင့် သဘောတူညီမှုရယူကာ အပစ်အခတ်ရပ်စဲခဲ့ကြသည်။
TNLA သည် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အောက်တိုဘာ ၂၇ နှင့် ၂၈ တို့က စစ်ကော်မရှင်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သဘောတူညီမှုရယူကာ အပစ်အခတ်ရပ်စဲထားသည်။
ထိုသဘောတူညီချက်တွင် မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် မန္တလေးတိုင်းက မိုးကုတ်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်းက မိုးမိတ်မြို့တို့မှ ပြန်လည်ဆုတ်ခွာပေးရမည်ဟု ပါရှိပြီး စစ်ကော်မရှင်ဘက်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုလုပ်တော့ဘဲ အပြန်အလှန်အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း သိရသည်။
MNDAA တပ်သည်လည်း ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့က တရုတ်အစိုးရ၏ ဖိအားပေးမှုများကြောင့် အပစ်အခတ်ရပ်၍ လားရှိုးမြို့မှ ဆုတ်ခွာပေးခဲ့ရသဖြင့် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုကို စစ်ကော်မရှင်ထိန်းချုပ်လျက်ရှိကာ ကျန်သည့် နယ်မြေများကို MNDAA တပ်များထိန်းချုပ်ထားကြောင်း သိရသည်။
ယင်းကဲ့သို့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ၂ ဖွဲ့မှာ အပစ်အခတ်ရပ်စဲပြီးနောက်တွင် စစ်ကော်မရှင်တပ်သည် နောက်ဆုံးကျန်ရှိသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ၁ ဖွဲ့ဖြစ်သည့် အာရက္ခတပ်တော်ထိန်းချုပ်ရာ နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရေးဖော်ဆောင်မှုများ ပိုမိုပြုလုပ်လာခဲ့သည်။
အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြသဖြင့် လတ်တလောတွင် စစ်ကော်မရှင်သည် ၎င်းတို့ ထိန်းချုပ်ဆဲဖြစ်သည့် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်နှင့် ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှ နေ၍ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အာရက္ခတပ်တော်ဘက်မှလည်း စကမ တပ်များရှိရာ နေရာများနှင့် ဒကစ အတွင်းကို ပြန်လှန်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
ယင်းအပြင် စစ်ကော်မရှင်တပ်သည် ၎င်းတို့ချိုးဖျက်ခဲ့ပြီး ၎င်းတို့ပြန်လည်ပြုပြင်ထားသည့် မင်းချောင်းတံတားထိပ်နှစ်ဖက်တွင် ခံစစ်အခိုင်အမာ ပြင်ဆင်ကာ လူအင်အားများချထားကြောင်းလည်း သိရသည်။
စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားသော အမ်း၊ တောင်ကုတ်၊ သံတွဲ နှင့် ဂွမြို့နယ်တို့တွင် ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာထားပြီး ၎င်းမြို့များကို ရိုးတောင်အရှေ့ဘက်ခြမ်းမှနေ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ရက္ခိုင်ရိုးမ အရှေ့ဘက် ရိုးတောင်ခြေရင်းကို လက်ရှိအချိန်ထိ မကျော်နိုင်သေးကြောင်း သိရသည်။
အကြမ်းဖက်စစ်ကော်မရှင်၏ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ရက္ခိုင်ပြည်တွင် မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ သေဆုံးသူ အရပ်သား ၉၇၀ ဦး၊ ဒဏ်ရာရရှိသူ ၂၀၅၄ ဦးနှင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ဖမ်းဆီးခံရသူ အရပ်သား ၁၀၀၀ ဦးအထိရှိကြောင်း HDCO က အောက်တိုဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။