AB News – နိုဝင်ဘာ ၂၉၊ ၂၀၂၄
၁၇ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီထိန်းချုပ်ထားသည့် တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အပြင်၌ရှိသည့် စစ်ကောင်စီ၏ အဓိက တပ်မဌာနချုပ်များအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ယမန်နေ့ညက ထုတ်ပြန်လိုက်သည်။
တောင်ကုတ်မြို့သိမ်းတိုက်ပွဲများအဖြစ် စစ်ကောင်စီ၏ တောင်ကုတ်မြို့ပြင်ပရှိစခန်းများဖြစ်သော-
(၁) တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊
(၂) တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့သော တက္ကသိုလ်ကျောင်းဆောင်များ၊
(၃) အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊
(၄) ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်း နှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများ၊
(၅) တောင်ကုတ်မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊
(၆) တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊
(၇) ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ၏ စခန်း၊
(၈) ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီ၏စခန်း၊
(၉) သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းနှင့်
(၁၀) တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်း တို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင်မှ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။
ထို့အပြင် တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် ဖက်ဆစ် စစ်ကောင်စီ၏ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကို မိမိတို့မှ တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း AA ကဆိုသည်။
အာရက္ခတပ်တော်၏ ကြိုတင်သတိပေးထားသောကြောင့် တိုက်ပွဲလွတ်ရာသို့ ရှောင်တိမ်းကြသော ပြည်သူများရှိသကဲ့သို့ ရှောင်တိမ်းခြင်းမရှိဘဲ နေအိမ်များတွင်ကျန်ရစ်ခဲ့သော သူများလည်းရှိခဲ့ကြောင်း ရေးသားထားသည်။ ယခုအချိန်တွင် တောင်ကုတ်မြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မျှမရှိတော့ဘဲ အာရက္ခတပ်တော်မှထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အာရက္ခတပ်တော်သည် သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို တစ်မြို့မကျန် ဆက်လက်သိမ်းပိုက်ရယူနိုင်ရန်အတွက် ၎င်းမြို့များရှိ ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်အပြင် ယခုလများအတွင်း အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်များအတွင်းရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့အတူ မောင်တောမြို့ ၌ တစ်ခုတည်းကျန်ရှိနေသေးသော နခခ (၅) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA ကဆိုသည်။