သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောခရိုင်အတွင်း မူဆလင်လက်နက်ကိုင်များ အရပ်သားပြည်သူများအား ပစ်မှတ်ထားသော အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်

“အရပ်ဘက် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲအား အာရက္ခ လုံခြုံရေးတပ်ဖွဲဝင်များမှ ဒုတိယနေ့အဖြစ် လိုက်လံရှာဖွေလျက်ရှိသည်။” ဟု အာရက္ခတပ်တော် AA ထုတ်ပြန်ထားသည်။

AB News – ဒီဇင်ဘာ ၂၈၊ ၂၀၂၄

ရက္ခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ အကြမ်းဖက် ARSA၊ ARSO၊ ARA အဖွဲ့များသည် မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်ကို တွေ့ရသည်။

မောင်တောနယ်အတွင်း ကြိမ်ချောင်းနှင့် တောင်ပြိုအကြားတွင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သော ARSA အဖွဲ့ဝင်များက ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်၊ ညနေ ၄ နာရီ၊ ၄၀ မိနစ်ခန့်အချိန်တွင် ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင် ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ ဈေးဝယ်အမျိုးသမီး စုစုပေါင်း ၁၆ ဦးထဲမှ တစ်ဦးသေဆုံးခဲ့ပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ယခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တွင် မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသူ ၂၂ ဦး၊ ဒဏ်ရာရရှိသူ ၆ ဦးနှင့် ဖမ်းဆီးခံထားရသူ ၄၆ ဦးအထိ ရှိခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ARSA၊ ARSO၊ ARA အကြမ်းဖက်အဖွဲ့တွေဟာ ဒီဘက်မှာ အမြဲလိုလို ခြုံခိုတိုက်ခိုက်လေ့ရှိတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေ မသွားရဲ၊ မလာရဲ ဖြစ်နေကြတယ်” ဟု ဆိုသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO)၊  ရိုဟင်ဂျာကယ် တင်ရေးတပ်မတော် (ARSA)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) တို့ အပါအဝင် အခြားစစ်သွေးကြွ အဖွဲ့အစည်းများမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အုခီးယားမြို့နယ်၊ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် အခြေချနေထိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ရက္ခိုင်-ဘင်္ဂလာနယ်စပ်တွင် လှုပ်ရှားလျက်ရှိသည့် ARSA၊ ARSO၊ ARA သည် ဒေသခံပြည်သူများ အပေါ်ခြုံခိုတိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများပင် ရှိလာကြောင်း ဒေသခံများသတင်းရင်းမြစ်များအရ သိရသည်။

အရပ်ဘက် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အား အာရက္ခလုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေလျက်ရှိကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

မောင်တောမြို့ရှိ နောက်ဆုံးကျန်ရှိခဲ့သည့် မြို့သူကြီး နခခ ၅ ရဲတပ်ရင်းကို အာရက္ခတပ်တော်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်၊ ၉ နာရီခွဲအချိန်တွင် သိမ်းပိုက်လိုက်ပြီးနောက် မောင်တောမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော်လည်း လက်ရှိတွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောနယ်အတွင်း ARSA လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေပြီး ဒေသခံပြည်သူများအား ခြုံခိုပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့် အာရက္ခတပ်တော်မှ နယ်စပ်တစ်လျောက်တွင် လုံခြုံရေးတိုးမြင့်ချထားကြောင်း တောင်ပြိုရွာမှ ရွာသား တစ်ဦးက ဆိုသည်။

“ဒီဘက် တောင်ပြိုဘက်နဲ့ ငါးခူရရွာဘက်တွေမှာ ARSA အဖွဲ့တွေ လှုပ်ရှားလေ့ရှိပါတယ်။ အခွင့်သာရင် ဒေသခံတွေ စီးလာတဲ့ ကားတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိပါတယ်။ ဒီက ရွာသားတွေလည်း ကြောက်လန့်နေကြတယ်။ တောင်ပြို-ကြိမ်ချောင်းကားလမ်းမှာ အကြမ်းဖက်အဖွဲ့တွေ ခြုံခိုတိုက်ခိုက်တဲ့ နေ့က စပြီး AA က လုံခြုံရေးတွေ တိုးမြင့် ချထားတာ တွေ့ရတယ်” ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မောင်တောနယ်၊ ငါးခူရရွာအနီးတွင် အာရက္ခတပ်တော်နှင့် မူဆလင်လက်နက်ကိုင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သူက ထပ်မံပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ရွာမှ သားအဖ ၄ဦးမှာ မယူတောင်သို့ ငါးရှာသွားစဉ် ARSA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယခုအချိန်ထိ ရှာမတွေ့သေးပေ။

ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှ ခမီလူမျိုး ၇ ဦးမှာလည်း လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးရှိ တောင်ပေါ်တွင် မျှစ်ခူးရန်သွားရာတွင်  ARSA အဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

အာရက္ခတပ်တော်မှ မောင်တောခရိုင်တစ်ခုလုံးကို သိမ်းပိုက်ထားသော်လည်း လက်နက်ကိုင်မူဆလင်များသည် ရက္ခိုင်နယ်စပ်အတွင်း ဝင်ရောက်လှုပ်ရှားလျက် အကြမ်းဖက်မှုများကို ကျူးလွန်နေသောကြောင့်် ဒေသခံပြည်သူများမှာ အကြောက်တရားဖြင့်သာ နေထိုင်နေရသည်။

မောင်တောခရိုင်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများသည် တောတောင်များကို အမှီသဟဲပြု၍ သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းခူး၊ ငါးရှာ၊ တောင်ယာလုပ်ကိုင်သူများနှင့် ကုန်သည်အချို့မှာ လက်နက်ကိုင်မူဆလင်များ၏ မတရားဖမ်းဆီးသတ်ဖြတ်မှုများကို မကြာခဏ ခံရလေ့ရှိသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ