သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နခခ-၅ မှ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကို အမြန်ဆုံး ဖမ်းဆီးပေးရန်  မောင်တော ဒေသခံများတောင်းဆို
ရက္ခိုင်ပြည် မောင်တောမြို့နယ်ရှိ လယ်တဲ တစ်ခုအား တွေ့ရစဥ်/ ABN

AB News – ဒီဇင်ဘာ ၁၆ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ မောင်တောမြို့ ၊ မြို့သူကြီးနခခ-၅ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကို အမြန်ဆုံး ဖမ်းဆီးပေးရန် ဒေသနေပြည်သူများက အာရက္ခတပ်တော် AA ထံ တောင်းဆိုနေကြသည်။

နခခ-၅ တပ်ရင်းထဲမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားအချို့သည် နခခ-၅ အနီးအနားရှိ တောင်များတွင်ပုန်းခိုနေထိုင်နေကြပြီး အနီးအနားရှိ ရပ်ရွာများသို့ လက်နက်များဖြင့် ဝင်ရောက်ကာ လုယက်မှုမျာမှုများရှိကြောင်း ဒေသခံများက  AB Newsသို့ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ ၊ နေ့လည် ၁ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်သား( ၄ )ဦး သည် လက်နက်များဖြင့် မောင်တောမြို့နယ် (၄ )မိုင် သစ်တောရွာအနီးရှိ ယာတောထဲသို့ဝင်ရောက်ပြီး ထမင်း၊ ဆန်အချို့နှင့် ဟင်းချက်ရန်အတွက် အိုးများကိုတောင်းယူသွားကြောင်း ယာပိုင်ရှင် မထွေးက AB News သို့ပြောသည်။

“အဲဒီနေ့က ယာတဲမှာ ကျမတို့သမီးနှစ်ယောက်ပဲရှိတာ။ ပထမက စစ်ကောင်စီတပ်သား ၃ ယောက်ဝင်လာတယ် ။ နောက်သိပ်မကြာဘူး၊ နောက် ၁ ယောက်ထပ်လာတယ်။ ပြီးတေ့ာ ခုံပေါ်မှာ ဓားတွေ၊ သေနတ်တွေကို တင်ထားပြီး ထမင်းတောင်းကြတယ်။ ကျမရဲ့သမီးက ငါတို့မှာ ထမင်းမရှိဘူး၊ ငါတို့က အိမ်ကထမင်းယူစားတာ။ အဲလိုပြောတေ့ာ ဆန်တွေမရှိဘူးလား။ ရှိတဲ့ဆန်တွေကိုပေးဆိုတေ့ာ ကျမရဲ့သမီးတွေက ကြက်စာပေးတဲ့ ဆန်ခွဲတွေကိုပေးလိုက်တယ်။ ပြီးတေ့ာ ထမင်းချက်ဖို့အတွက် အိုးအပေါက်တလုံးရှိတာကိုလည်း ယူသွားတယ်။” ဟု ဆိုသည်။

ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများသည် ပြည်သူပိုင်ယာတဲထဲသို့ဝင်ရောက်ကာ တောင်းရမ်း စားသောက်နေသည့်အတွက် ပြည်သူများမှာ လယ်တဲထဲသို့မသွားရဲကြတော့ကြောင်း ၎င်းကထပ်မံပြောသည်။

“ဒီတခါ ခြိမ်းခြောက်ပြီးတေ့ာ ဆန်တွေ၊အိုးတွေကို ယူသွားပေမဲ့ ၊ နောက်ပေးစရာမရှိရင် ဘာအန္တရာယ်ပေးမလဲဆိုတာ ကျမတို့မသိနိုင်ဘူး ၊ ပြီးတေ့ာ သူတို့က ငတ်မွတ်နေကြတာလေ ။ ထမင်းမစားရတာ ၁၀ ရက်တောင်ရှိပြီလို့ပြောသွားသေးတယ်” ဟုဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ၊ ညနေပိုင်း ၂ နာရီခွဲ အချိန်ခန့်တွင် ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသည် မောင်တောမြို့နယ်၊ ကံသာယာကျေးရွာသို့ ဝင်ရောက်ပြီး ရွာရှေ့ ရေကန် တွင် ရေခတ်ဆင်းလာရာ ရွာသားများနှင့်တွေ့၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဗုံးစထိမှန်မှုကြောင့် ရွာသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒေသနေပြည်သူများကို အချိန်မရွေး အန္တရာယ်ပြုလာနိုင်၍ အမြန်ဆုံးဖမ်းဆီးပေးရန် အာရက္ခတပ်တော်အား တောင်းဆိုကြောင်း အမည်မဖော်လိုသည့် မောင်တောမြို့နယ်မှ ကျေးရွာ ခေါင်းဆောင် တစ်ဦးက ပြောသည်။

“ကျနော်တို့က တောတောင်ကြားမှာ လုပ်စားနေကြရတာပါ။ ခုလိုမျိုး လက်နက်တွေနဲ့လွတ်နေတဲ့ သူတွေရှိနေတော့ ကျနော်တို့အတွက် ဘယ်လိုမှ မလုံခြုံပါဘူး။ ကျနော်တို့ကို အချိန်မရွေး ဒုက္ခပေးလာနိုင်ပါတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံး ဖမ်းဆီးပေးဖို့ AA ကိုတောင်းဆိုပါတယ်” ဟု ပြောသည်။  

မောင်တောမြို့ မြို့သူကြီးရပ်ကွက် နခခ-၅ အား အာရက္ခတပ်တော်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အပြီးပြတ် သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီအဖွဲ့ဝင်များအားလည်း လိုက်လံရှာဖွေလျက်ရှိကြောင်း အာရက္ခတပ်တော်၏ ဒီဇင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ