မူရင်းရေးသားသူ-ဘာတေးလ် လစ်တနာ (Bertil Lintner)
(ဘာသာပြန် – ကျော်ဇံ)
၂၀၁၁ ခုနှစ် သြဂတ်စ်လတွင် အမေရိကန်ရုပ်မြင်သံကြားအသံလွှင့်သတင်းဌာနတစ်ခုဖြစ်သော CNNသည် အယ်လကိုင်ဒါ အကြမ်းဖက်များ သိမ်းဆည်းထားသည့် မှတ်တမ်းများထဲမှ ဗီဒီယို ၆၀ ကျော်ထိရရှိခဲ့သည်။ ယင်းအထဲမှ ဗီဒီယိုတစ်ခုမှာ မြန်မာနိုင်ငံ (ဘားမား) ဟုအမှတ်အသားပြုလုပ်ထားပြီး မြန်မာနိုင်ငံတွင်လေ့ကျင့်နေကြသည့် မူဆလင် မဟာမိတ်များကိုရည်ရွယ်ပြသထားသည်။ RSO ဟုခေါ်သည့် (ရိုဟင်ဂျာ) စည်းလုံးညီညွတ်ရေးအဖွဲ့ကို မြန်မာနိုင်ငံ ရက္ခိုင်ပြည်မှ မူဆလင်များတည်ထောင်ခဲ့ကာ ၄င်းတို့လူမျိုးအတွက် လွတ်မြောက်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသည်ဟု ဖော်ပြထားသည်။ သို့ရာတွင် ၄င်းဗီဒီယိုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုက်ကူးထားခြင်းဖြစ်သည်။
RSO နှင့် တခြားသော (ရိုဟင်ဂျာ) မူဆလင်အဖွဲ့များသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်ရှိသည့် မြန်မာနိုင်ငံအတွင်း မည်သည့်အခါမျှ စခန်းမချဖူးခဲ့ကြပေ။ ဗီဒီယိုတွင်ပါသည့် စခန်းမှာ ကော့ဘဇား အရှေ့တောင်ဘက် အုခီယ(Ukhia) မြို့အနီးတွင်တည်ရှိသည်။ သို့ရာတွင် RSO ၏တိုက်ခိုက်ရေးသမား အားလုံးမှာ မြန်မာပြည်မှ (ရိုဟင်ဂျာ) မူဆလင်များ မဟုတ်ကြပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင်းသုံးနှုန်းသည့် ဘာသာစကားကို ပြောဆိုကြသော (ရိုဟင်ဂျာ) အမည်ခံ မူဆလင်တို့ကို ရန်ကုန်ရှိ အစိုးရက ဌာနေမျိုးနွယ်စုတစ်ခုအဖြစ် မသတ်မှတ်ပေ။ ၁၉၇၈ ခုနှစ် ၊ နှိမ်နှင်းမှုအတွင်း သိန်းချီသည့် မူဆလင်များ နယ်စပ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့ကြပြီး ဒုက္ခသည်များကြားထဲမှ များမကြာမီ စစ်သွေးကြွများ ပေါ်ပေါက်လာခဲ့သည်။ နောက်ဆုံးတွင် ကုလသမဂ္ဂကြားဝင်လာသဖြင့် (ရိုဟင်ဂျာ) မူဆလင်ဒုက္ခသည် အများစုကို မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင် နေရာချထားခဲ့သည်။ သို့ရာတွင် ၁၉၉၁ နှင့် ၁၉၉၂ ခုနှစ်တွင် ဒုက္ခသည်ပေါင်း ၂၅၀,၀၀၀ပါသည့် နောက်ထပ်လူလှိုင်းကြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး အများစုမှာ ပြန်ပို့ခံခဲ့ရသော်လည်း ကော့ဘဇား အရှေ့တောင်ဘက်ရှိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် ကြီးကြပ်သည့် စခန်းများတွင် ဒုက္ခသည်ပေါင်း ၂၀၀၀၀ ကျော်ကျန်နေခဲ့သည်။ UNHCR စခန်းများပြင်ပတွင် (ရိုဟင်ဂျာ) မူဆလင်ပေါင်း ၁၀၀,၀၀၀ နီးပါး နေထိုင်ကြပြီး ဆင်းရဲပြီး နိုင်ငံမဲ့နေသည့် လူများကြား ၄င်းတို့မှာ အမျိုးမျိုးသော အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုများ လူသစ်စုဆောင်းရန် ကောင်းမွန်သည့် နေရာကိုရှာတွေ့ခြင်းလည်း ဖြစ်သည်။
ရိုဟင်ဂျာ မျိုးချစ်တပ်ဦး (RPF) ဟုခေါ်သည့် အလွန်အစွန်းမရောက်သည့် အဓိကစုဖွဲ့မှုကြီးမှ မူဆလင်များကြား အစွန်းရောက်အဖွဲ့ဝင်များခွဲထွက်လာသည့် ၁၉၈၀ပြည့်နှစ်များ အစောပိုင်းကာလတွင် RSO ကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ အာရကန်မှ ဆေးကုသပေးသည့် ဆရာဝန် မိုဟာမတ် ယူနွတ်ဦးဆောင်သော RSO အဖွဲ့သည် နယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်ရှိ (ရိုဟင်ဂျာ) မူဆလင်များကြားတွင် စစ်သွေးအကြွဆုံး အဓိကအခရာကျသည့် အဖွဲ့တစ်ခုဖြစ်လာခဲ့သည်။ RSO အဖွဲ့သည် အလွန်တင်းကျပ်သည့် ဘာသာရေးလမ်းစဥ်များကို လိုက်နာခြင်းကြောင့် တခြားသော မူဆလင်အသိုင်းအဝိုင်းများကြားတွင် သူတို့ကဲ့သို့ အဖွဲ့များ၏ ထောက်ခံအားပေးမှုကို အချိန်တိုအတွင်း ရရှိလာခဲ့သည်။ ၄င်းအဖွဲ့များတွင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ ဂျာမာတေး အစ္စလာမ်မစ်၊ အာဖဂန်ရှိ ဟစ်ဇ်ဘေး အစ္စလာမ်မစ်၊ ဂျမ်မူး နှင့် ကတ်ရှမာရှိ ဟဇ်ဘူ မူဂျာဟေဒင်နှင့် မလေးရှားရှိ အစ္စလာမ်လူငယ်အဖွဲ့ဖြစ်သည့် အန်ဂါတန် ဘီလီယာ အစ္စလာမ် ဆာ-မလေးစီးယား တို့ပါဝင်သည်။ အာဖဂန်လူမျိုးသင်တန်းနည်းပြများကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျောက် RSO စခန်းတစ်ချို့တွင် တွေ့မြင်ကြရပြီး RSO စစ်သွေးကြွ ၁၀၀ နီးပါး ဟစ်ဇ်ဘေး အစ္စလာမ်မစ် မူဂျာဟစ်များနှင့်အတူ အာဖဂန်ရှိ Khost ဒေသတွင် သင်တန်းတက်ရောက်ခဲ့ကြသည် ဆိုသော သတင်းများထွက်ခဲ့သည်။
RSO စစ်သွေးကြွတို့၏ အဓိကစခန်းသည် အုခီယတွင် ရာဘီတာတယ်လ် အာလမ် အစ္စလာမ်မစ် တည်ဆောက်ခဲ့သည့် ဆေးရုံအနီးတွင် တည်ရှိသည်။ ယင်းကာလတွင် RSO တို့သည် တရုတ်လုပ်သေနတ် RPG-2 များ၊ စက်သေနတ်များ၊ ချေမှုန်းရေး AK သေနတ်များ၊ ရှေ့ထွက်မိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကို ကမ္ဘောဒီယား နယ်စပ်အနီးရှိ ထိုင်းမြို့တစ်မြို့ဖြစ်သည့် အာရန်ယာပရာထတ်ရှိ လက်နက်ရောင်းသူများထံမှ လက်နက်အမြောက်အမြား ဤစခန်းတွင် စုဆောင်းခဲ့သည်။ ထိုမြို့သည် ၁၉၈၀ ပြည့်နှစ်များတွင် ဒေသတွင်း ပြောက်ကျားစစ်ပွဲများအတွက် အဓိကလက်နက်ရောင်းချရာ လက်နက်စျေးကွက် တစ်ခုလည်းဖြစ်သည်။ ဤလက်နက်များကို ကမ္ဘောဒီးယားရှိ ဗီယက်နမ်စစ်တပ်ကို တိုက်ခိုက်နေကြသည့် အတိုက်အခံများထံသို့ တရုတ်စစ်လက်နက်တင် သင်္ဘောများဖြင့် ပို့ဆောင်ခဲ့ပြီး ပစ္စည်းများဝယ်ယူနိုင်သူ၊ လိုချင်သူမည်သူ့ကိုမဆို ရောင်းချခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် နယ်စပ်တစ်လျှောက် RSO များဆောက်လုပ်ထားသည်များကို အကြီးအကျယ်ဖော် ပြခဲ့ပြသည်။ သို့ရာတွင် ၄င်းစခန်းများတွင် သင်တန်းပေး လေ့ကျင့်နေသူများမှာ (ရိုဟင်ဂျာ) မူဆလင် တစ်ခုတည်းမဟုတ်ကြောင်း ထင်ရှားလာသည်။ RSO စခန်းများတွင် အများစုမှာ ဘင်္ဂလားဒေ့ရှ် ဂျမာတေး အစ္စလာမ်မစ်အဖွဲ့၏ လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အစ္စလာမ် ချာဟာတရာ ရှီဘာ ( ICS) အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း တွေ့လာရသည်။ ထို့အပြင် ထိုအဖွဲ့ဝင်များမှာ စစ်တကောင်းတက္ကသိုလ်မှ လာသူများဖြစ်ပြီး စစ်တကောင်းတက္ကသိုလ်မှာ အစ္စလာမ်မစ်အစွန်းရောက်အုပ်စုနှင့် အလယ်အလတ် အစွန်းမရောက်သည့် အုပ်စုဟူ၍ နှစ်ဖက်ကွဲကာ “တက္ကသိုလ်တွင်းစစ်ပွဲ” ဖြစ်သည့်နေရာလည်း ဖြစ်သည်။ RSO သည် မြန်မာပြည်တွင်းရှိ ပဋိပက္ခများတွင် မပါသလောက် သို့မဟုတ် လုံးဝပါဝင်ခဲ့ခြင်း မရှိချေ။
လက်ရှိနာမည်ကြီးနေသည့် ဗီဒီယိုကို မည့်သည့်အချိန်ကရိုက်ကူးခဲ့ကြောင်း ရှင်းရှင်းလင်းလင်းမရှိပေ။ သို့ရာတွင် ၁၉၉၀ ပြည့်နှစ်များအစောပိုင်းတွင် ရိုက်ကူးခဲ့သည်ဟု ယူဆရသည်။ ၁၉၉၀ နှောင်းပိုင်းတွင် ကော့ဘဇား အရှေ့တောင်ဘက်ရှိ RSO လေ့ကျင့်ရေးစခန်းများကို ဘင်္ဂလားဒေ့ရှ့်အစ္စလာမ်မစ် စစ်သွေးကြွများ သိမ်းပိုက်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်၏ အဓိကစစ်သွေးကြွအုပ်စုမှာ ဟာကရာတာလ် ဂျီဟတ် အလ် အစ္စလာမ်မစ် (HuJI) ဖြစ်ပြီး ၁၉၉၂ တွင် ဖွဲ့စည်းကာ အိုစမာဘင်လာဒင်ကိုယ်တိုင် ငွေကြေးထောက်ပံ့ပေးထားသည်ဟု ဆိုကြသည်။ HuJI တွင် အဖွဲ့ဝင်ပေါင်း ၁၅,၀၀၀ ခန့်ရှိပြီး စစ်တကောင်းရှိ မူလာနာ သို့ ရှိတ်ဖာရိဒ် ဟု သိကြသည့် ရှော်ကတ် အိုစမန်က ဦးဆောင်သည်။ ယင်းအဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်၏ ဘာသာရေးကျောင်းပေါင်း ၆၀,၀၀၀ သောင်းကျော်မှ ကျောင်းသားများကို အဓိက စုဆောင်းခဲ့ခြင်းဖြစ်ပြီး သူတို့ကိုယ်သူတို့ ဘင်္ဂလားဒေ့ရှ်တာလီဘန်ဟု ခေါ်ကြသည်။ ထိုအုပ်စုသည် အစွန်းမရောက်သည့် မူဆလင်များနှင့် ဘင်္ဂလားဒေ့ရှ်ဟိန္ဒူ လူနည်းစုများကို အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရာတွင် ပါဝင်စီမံခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အဖွဲ့လည်းဖြစ်သည်။ ၂၀၀၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ခုတွင် HuJI အဖွဲ့ကို ပါကစ္စတန်ရှိ အစ္စလာမ်မစ် စစ်သွေးကြွများနှင့် ဆက်နွယ်မှုရှိသည့် အကြမ်းဘက်အုပ်စုအဖြစ် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်စစ်သွေးကြွ လူသစ်များနှင့် အယ်လ်ကိုင်ဒါတို့ကြား ခိုင်မာသည့်အချိတ်အဆက်ကို HuJI အဖွဲ့ဝင်ဖြစ်သော “ဘင်္ဂလားဒေ့ရှ် ဂျီဟတ်လှုပ်ရှားမှု” ကို ဦးဆောင်သူ ဖာဇ်လာ ရာမန် မှ တဆင့် ချိတ်ဆက်တည်ထောင်ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်ပြည်ထောင်စုကို ဂျီဂတ်စစ်ပွဲဆင်နွဲရန် တရားဝင်ကြေငြာချက်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ တခြားလက်မှတ်ထိုးသူများမှာ ဘင်လာဒင်၊ အိုင်မန် အလ် ဇာဝါဟီရီ (အီဂျစ်ရှိ ဂျီဟတ်အုပ်စုခေါင်းဆောင်)၊ အာဘူ ဘာဆာ ဟု သိကြသည့် ရာဖာ အာမတ် တာဟာ (အီဂျစ် အစ္စလာမ်မစ်အုပ်စု) နှင့် ရှိတ် မာရ် ဟမ်ဇာ (ဂျာမီတယ်လ် အူလီမယ် ပါကစ္စတန်၏ အတွင်းရေးမှူး) တို့ဖြစ်ကြသည်။
HuJI အဖွဲ့သည် (ရိုဟင်ဂျာ) မူဆလင်တပ်သားသစ်များအပြင် သူတို့အဖွဲ့ဝင်များကိုပါ တာလီဘန်နှင့် အယ်လ်ကိုင်ဒါတို့အတွက် တိုက်ခိုက်ရန် အာဖဂန်သို့ ပို့ဆောင်ခဲ့သည်။ ထိုအပို့ခံရသော (ရိုဟင်ဂျာ) မူဆလင်လူသစ်များကို မိုင်းရှင်းလင်းခြင်း နှင့် အထမ်းသမားလုပ်စေခြင်းတို့ကဲ့သို့ စစ်ပွဲအတွင်း အန္တရာယ်အများဆုံး လုပ်ငန်းများကို ဆောင်ရွက်စေကြသည်။ ထောက်လှမ်းရေးသတင်းရင်းမြစ်များအရ (ရိုဟင်ဂျာ) မူဆလင်လူသစ်ဝင်လာသူများကို ဝင်ရောက်စဥ်တွင် ဘင်္ဂလားဒေ့ရှ်တာကာငွေ ၃၀,၀၀၀ (USD $525) ပေးအပ်ပြီး နောက်ပိုင်းတွင် လစဥ်ငွေ တာကာ ၁၀,၀၀၀ ကိုပေးအပ်သည်ဟု သိရသည်။ ဤပေးအပ်သည့် ငွေပမာဏမှာ ဒေါ်လာနှင့်ယှဥ်လျှင် နည်းသည်ဟု ထင်ရသော်လည်း တစ်နှစ်လျှင် လူတစ်ဦးဝင်ငွေ USD $380 သာသာရှိသည့် နိုင်ငံတစ်ခုတွင် ဤပမာဏမှာ အလွန်များပြားသည်ဟု ဆိုရမည်ဖြစ်သည်။ လူသစ်များကို နီပေါနိုင်ငံမှတဆင့် ပါကစ္စတန်သို့ ယူဆောင်ပြီး သင်တန်များပေးကာ အာဖဂန်ရှိ စစ်စခန်းများသို့ ပို့ဆောင်သည်။ အာဖန်တွင် တိုက်နေကြသည့် (ရိုဟင်ဂျာ) မူဆလင်များနှင့် တခြားသော အဖွဲ့ဝင်များမှာ ဘင်္ဂလားဒေ့ရှ်ဒေသမှ အရေအတွက်မည်မျှပါဝင်သည်ကို မသိရသော်လည်း အရေအတွက် အတော်များပြားသည်ဟု ယူဆရသည်။ တခြားအဖွဲ့ဝင်များမှာလည်း ကတ်ချမီးယား နှင့် ချေချင်းညာတို့ရှိ အစ္စလာမ်မစ် စစ်သွေးကြွတပ်ဖွဲ့များနှင့် ပူးပေါင်းရန် သွားရောက်ကြသည်။
၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလတွင် CNN သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် အမေရိကန် တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သူ ဂျွန်ဝေါလ်ကာ လင်ဒ် က “အာဖဂန်နစ္စတန်ရှိ သူပါဝင်ခဲ့သော အယ်လ်ကိုင်ဒါဦးစီးသည့် Ansar Brigades (ပုရောဟိတ်ကြီး၏ အပေါင်းအဖော်များ) အဖွဲ့တွင်ပါသူများကို ဘင်္ဂလီ၊ ပါကစ္စတန် (အူရဒူ)နှင့် အာရေဗျဘာသာစကားပြောသူများ ဟူ၍ ခွဲခြားနိုင်သည်ဟု ဆိုသည်။ ဆိုလိုသည်မှာ ဘင်္ဂလားဒေ့ရှ် နှင့် (ရိုဟင်ဂျာ) မူဆလင်များအပါအဝင် ဘင်္ဂလီစကားပြောသူများ အများအပြားရှိနေသည်မှာ ထင်ရှားသည်။ ၂၀၀၁ ခုနှစ် နှောင်းပိုင်းတွင် အာဖဂန်တွင် အမေရိကန်တို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် စစ်သွေးကြွများ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာသည်မှာ ထင်ရှားသိသာလာပြီဖြစ်သည်။ ပါကစ္စတန်တွင် အမေရိကန်များ အများအပြားရောက်ရှိလာခြင်းကြောင့် ၂၀၀၁ ခုနှစ် အောက်တိုဘာနှင့် နိုဗမ်ဘာတွင် အာဖဂန်နစ္စတန်မှ ထွက်ပြေးသွားသူ စစ်သွေးကြွအများစုမှာ တတိယနိုင်ငံများတွင် ပုန်းအောင်းပါက ပို၍လုံခြုံမှုရှိသည်ဟု ယူဆကြသည်။ ၂၀၀၂ ခုနှစ်အစောပိုင်းတွင် အာဖဂန်မှ စစ်သွေးကြွများကို တင်ဆောင်၍ ကာရာချိ မှ စစ်တကောင်းသို့ သင်္ဘောတစ်စီးထွက်ခွာသွားသည်ဟု ဆိုကြသည်။
၂၀၀၂ခုနှစ်၊ မေလ ၁၀၊၁၁ ရက်နေ့တို့တွင် HuJI အပါအဝင် အစ္စလာမ်မစ် အဖွဲ့ ၉ ဖွဲ့တို့သည် တောင်ပိုင်း Ukhia အနီးရှိ စခန်းတစ်ခုတွင် တွေ့ဆုံခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် အစ္စလာမ် အဖွဲ့ ကို ဖွဲ့စည်းခဲ့ကြသည်။ ဤအသစ်ဖွဲ့စည်းခဲ့သည့် ဦးဆောင်အဖွဲ့တွင် (ရိုဟင်ဂျာ) မူဆလင် အုပ်စုကို ကိုယ်စားပြုသည့် အုပ်စုများနှင့် နှင့် အိန္ဒိယ အရှေ့မြောက်ဘက်တွင် လှုပ်ရှားသော အဖွဲ့ငယ်တစ်ဖွဲ့ဖြစ်သည့် အာသံ မူဆဆင်လွတ်မြောက်ရေး တိုက်ဂါးအဖွဲ့တို့လည်း ပါဝင်သည်။ ၂၀၀၂ ခုနှစ် ဇွန်လတွင် အာဖဂန်ရှိ ဆိုဗီယက်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ်စစ်ပြန်တို့သည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း အနည်းဆုံးစခန်း နှစ်ခုတွင် မဟာမိတ် အသစ်များ၏ တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးလျှက်ရှိကြောင်း ဆိုကြသည်။
HuJIအဖွဲ့မှရရှိခဲ့သည့် အဖွဲ့တွင်းအသုံးပြုသည့် မှတ်တမ်းတစ်ခု၌ ဘင်္ဂလားဒေ့ရှ်တစ်ဝှမ်းတွင် လေ့ကျင့်ရေးအတွက် တည်နေရာ ၁၉ ခုထက်မနည်းကို စာရင်းပြုစုထားသည်ကိုတွေ့ရသည်။ သို့သော်လည်း ယင်းအထဲမှ အရေအတွက်မည်မျှကို စစ်သင်တန်းပေးသည်မှာ အသေအချာမသိရပေ။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်သည့် ညွန့်ပေါင်းအစိုးအရအဖွဲ့သစ်က ၂၀၀၁ ခုနှစ်၊ အောက်တိုဘာတွင် တာဝန်ယူစဥ်ကပင် ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ်မစ်စစ်သွေးကြွများ ပို၍အသံထွက်ကာ လှုပ်ရှားမှုများရှိလာခဲ့သည်။ ထိုညွန့်ပေါင်းအစိုးရတွင် ပထမဆုံးအကြိမ်အဖြစ် ဂျမာတေးအဖွဲ့မှ ဝန်ကြီး နှစ်ဦးပါဝင်လာခဲ့သည်။ ညွန့်ပေါင်းအစိုးရအဖွဲ့ကို အာဏာရစေသည့် လေးပါတီပေါင်း မဟာမိတ်အဖွဲ့တွင် အစ္စလာမ် အွိုင်ကျ ဂျုတ် အမည်ရသည့် အစ္စလာမ်မစ်အဖွဲ့ငယ်တစ်ခုပါရှိပြီး ယင်းအဖွဲ့၏ ဥက္ကဌဖြစ်သူ အဇီဖူ ဟာက် မှာ HuJI အဖွဲ့ အကြံပေးကောင်စီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်အစိုးရအဖွဲ့များမှာ ဤအကြမ်းဖက်အဖွဲ့များနှင့် သူတို့၏လုပ်ရပ်များကို နှိမ်နှင်းရန် ဆန္ဒမရှိကြောင်းတွေ့ရသည်။ သို့ရာတွင် ယင်းနှစ်အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ်မစ် ဝါဒ မြင့်တက်လာခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် လူသိများလာသည့်အခါ ဘင်္ဂလားဒေ့ရှ်အစိုးရသည် စစ်တကောင်းနှင့် ကော့ဘဇားဒေသရှိ အစွန်းမရောက်သည့် အာရကန် ရိုဟင်ဂျာ အမျိုးသားအဖွဲ့ (ARNO) ကိုနှိမ်နှင်းခဲ့သည်။ ARNO အဖွဲ့မှာ အယ်လ်ကိုင်ဒါ သို့ ဘင်္ဂလားဒေ့ရှ်ရှိ မည်သည့် အစ္စလာမ်မစ်စစ်သွေးကြွများနှင့်မျှ အဆက်အသွယ်မရှိကြောင်းသိရပြီး အစိုးရ၏ နှိမ်နှင်းမှုကိုလုံးဝ ရှုတ်ရှကြောင်း၊ အကြမ်းဖက်များနှင့် လုံးဝပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ တခြားတစ်ဖက်တွင်လည်း RSO အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ပစ်မှတ်ထားခြင်းကို မခံရပေ။
ဘင်္ဂလားဒေ့ရှ်သည် နှစ်ပေါင်းများစွာ အစွန်းမရောက်သည့် လစ်ဘရယ် မူဆလင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။ သို့ရာတွင် ဤအခြေအနေမှာ ပြောင်းလဲနေကြောင်း သက်သေထူနေပြီး ၂၀၀၁ခုနှစ်၊ မေလတွင် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် အဖွဲ့ ဖွဲ့စည်းခြင်းမှာ ဘင်္ဂလားဒေ့ရှ်၏ အစ္စလာမ်မစ်စစ်သွေးကြွအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုနီးကပ်လာပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်။ အာဖဂန်နစ္စတန်မှ စစ်သင်တန်းပေးသူများ ရောက်ရှိလာခြင်း၊ အယ်လ်ကိုင်ဒါနှင့် အဆက်အသွယ်ရှိသည့် စစ်သွေးကြွအများအပြား ဘင်္ဂလားဒေ့ရှ်သို့ ရောက်လာခြင်းက နိုင်ငံတကာ အကြမ်းဖက်ကွန်ရက်တွင် ဘင်္ဂလားဒေ့ရှ် ပါဝင်ပတ်သတ်နေကြောင်းဖော်ပြနေသည်။
မူရင်း – Internet Archives on the Recapping of the Rohingya Solidarity Organization (RSO) : Bangladesh: Breeding ground for Muslim terror by Bertil Lintner, a senior writer, Far Eastern Economic Review, Published with permission from the South Asia Intelligence Review of the South Asia Terrorism Portal, published on October 31, 2011.
Sources: Asia Times / Reference: Internet Archives
(မှတ်ချက်-ဤအထက်ဖော်ပြပါ ဘာသာပြန်ဆောင်းပါးတွင် ပါရှိသည့် “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းမှာ မူရင်းဆောင်းပါး အာဘော်အတိုင်းဖော်ပြခြင်းသာဖြစ်ပြီး Arakan Bay News ၏ အာဘော်မဟုတ်ကြောင်း သိစေအပ်ပါသည်။)