AB News – နိုဝင်ဘာ ၁၉၊ ၂၀၂၅
အောင်စိုး
အာရက္ခတပ်တော်(ULA/AA) ၏ သူပုန်ဖြူ Team မှ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော ရဲဘော်များအတွက် ငွေကျပ် ၄၂ သိန်းကို ထောက်ပံ့ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ နေ့စွဲဖြင့် ထုတ်ပြန်သည်။
စာအိတ် (၄၂) အိတ်ပါ ငွေသား ၄၂ သိန်းနှင့်အတူ သူပုန်ဖြူစာအုပ် (၄၂) အုပ်၊ လွယ်အိတ် (၄၂) လုံး ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
သူပုန်ဖြူ Team ၏ ထောက်ပံ့လှူဒါန်းမှုကို ကောင်းမွန်စွာလက်ခံရရှိပြီး CNO/CNDF အနေဖြင့် အထူးကျေးဇူးတင်ကြောင်း ပြောဆိုထုတ်ပြန်ထားသည်။
သူပုန်ဖြူ စာအုပ်ကို အာရက္ခတပ်တော်၏ ဒုတိယစစ်ဦးချုပ်လည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်သည့် ဒေါက်တာညိုထွန်းအောင်မှ ရေးသားထားခြင်း ဖြစ်သည်။
ထိုကဗျာစာအုပ်သည် စစ်ကော်မရှင်မှ အာဏာသိမ်းပြီးနောက် တော်လှန်ရေးလောကထဲသို့ ရောက်လာကြသည့် တော်လှန်ရေးကဗျာဆရာ၊ ဆေးပညာအသိုင်းအဝိုင်း၊ အနုပညာရှင်များ၏ ခံစားချက်များကို ပြောဆိုခဲ့ရာမှ ရေးဖြစ်ခဲ့သည့် ကဗျာစာအုပ်ဖြစ်ကြောင်း သိရသည်။
“သူပုန်ဖြူ” စာအုပ်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့တွင် လေလံတင်အမြင့်ဆုံးစျေး အမေရိကန်ဒေါ်လာ ၄ သောင်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင်မှ ပြောကြားခဲ့သည်။
ယင်းအပြင် စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်ရင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား “သူပုန်ဖြူ” စာအုပ် ရောင်းရငွေအမြတ် ၃၅ ရာခိုင်းနှုန်းနှင့် လှူဒါန်းငွေများ အားလုံးကို အချိုးကျခွဲဝေ ထောက်ပံ့မည်ဖြစ်ကြောင်း သူပုန်ဖြူ Team မှ သြဂုတ် ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

