ဘာသာပြန်ဆောင်းပါး။ Financial Express တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က “Bangladesh Faces Looming Food Crisis Due to Myanmar Border Conflict” ခေါင်းစဥ်ဖြင့် စာရေးသူ Huma Siddiqui ရေးသားသည့် ဆောင်းပါးအား Arakan Bay News မှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
မူရင်း – Huma Siddiqui
ဘာသာပြန် – ကျော်ဇံ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ရှိ အရေးပါသည့် နေရာများကို အာရက္ခတပ်တော်က မကြာမီက အလုံးစုံထိန်းချုပ်သိမ်းပိုက်လိုက်သည်။
လာမည့်ရက်သတ္တပတ်များအတွင်း အခြေအနေဆိုးရွားလာခြင်းနှင့်အတူ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သည်လည်း အစားအသောက်ပြတ်လပ်မှုကို ရင်ဆိုင်လာရမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် အချိန်ကာလ ကြာညောင်းစွာ ကုန်သွယ်မှု ဆက်ဆံရေးရှိလာခဲ့သော်လည်း အစားအသောက် မဖူလုံမှုအတွက် အဓိက အကျပ်အတည်းမှာ ပိုပြီး မမျှော်လင့်ထားသည့် နေရာဖြစ်သော မြန်မာနိုင်ငံမှ လာခြင်းဖြစ်သည်။ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားသော နယ်စပ်ဒေသ၌ ပဋိပက္ခများကြောင့် ဆန်စပါးတင်ပို့မှုကို ရပ်တန့်သွားစေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၏ အစားအသောက် အကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေသည်။
မြန်မာနိုင်ငံမှ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် အာရက္ခတပ်တော်သည် မြန်မာ-ဘင်္ဂလားနယ်စပ်ရှိ အရေးပါသည့် ဒေသများကို ချဲ့ထွင်သိမ်းပိုက်ခဲ့သည်။ ဤသိမ်းပိုက်မှုတွင် နယ်စပ်ဖြတ်လမ်းများသာမက ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများပါ ပါဝင်သည်။ မြန်မာနိုင်ငံသည် အစဥ်အလာအားဖြင့် ဘင်္ဂလားဒေ့ရှ်ကို ဆန်စပါး အဓိကတင်ပို့သည့် နိုင်ငံဖြစ်သဖြင့် အာရက္ခတပ်တော်၏ သိမ်းပိုက်မှုများမှာ ဒေသတွင်း အစားအသောက် ဖြည့်တင်းမှုလမ်းကြောင်းများတွင် အရေးပါသည့် အကျိုးသက်ရောက်မှုများ ရှိလာခဲ့သည်။ ပြီးခဲ့သည့် အပတ်က အာရက္ခတပ်တော်သည် စစ်ကောင်စီထိန်းချုပ်ထားသော ကီလိုမီတာ ၂၇၀ ဖြန့်ကျက်တည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်းကို သိမ်းပိုက်ခဲ့သည်။ အာရက္ခတပ်တော်က စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီဟုလည်း ဆိုထားသည်။ ဗီဒီယိုများတွင် စစ်ကောင်စီတပ်သားများ အဖမ်းခံထားရသည်ကို တွေ့ရပြီး ဒေသတွင်း မတည်ငြိမ်မှုများကို မီးမောင်းထိုးပြနေသည်။
အကျိုးဆက်အနေဖြင့် ဘင်္ဂလားဒေ့ရှ် ဆန်စပါး တင်ပို့မှုလမ်းကြောင်းများ အန္တရာယ်ရှိလာခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဓိကစားသုံးသော ဆန်စပါးသည် နိုင်ငံ၏ ပို့ကုန်များတွင် အဓိကကျသည့် အရာဖြစ်ပြီး မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကတင်ပို့သည့် နိုင်ငံတစ်ခုဖြစ်သည်။ သို့ရာတွင် မောင်တော၏ အခရာကျသော ဒေသများကို အာရက္ခတပ်တော်က သိမ်းပိုက်မှုအပြင် အဓိက အခွန်စည်းကြပ်သည့် စနစ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ မြန်မာပြည်မှ ဆန်စပါးတင်သွင်းမှုမှာ မရှိသလောက်ဖြစ်သွားပြီ ဖြစ်သည်။
မြန်မာ၊ အိန္ဒိယတို့နှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး မပြေပြစ်ခြင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆန်စပါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ဤအခြေအနေဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယကို အကူအညီတောင်းခံခဲ့ပြီး ဆန်ပြတ်လပ်မှုကို လျော့ပါးစေရန် ဆန်တန်ချိန် ၅၀,၀၀၀ ကို ထပ်မံတောင်းခံခဲ့သည်။ ဤအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ကြား ယိုယွင်းလာသည့် ဆက်ဆံရေးကြောင့် ပိုမိုရှုပ်ထွေးသွားခဲ့သည်။ မကြာသေးမီက ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အိန္ဒိယမှ ပြန်လွှဲပေးရန် တောင်းဆိုခဲ့ပြီး ၎င်းတောင်းဆိုမှုမှာ သံတမန်ဆက်ဆံရေးကို အဟန့်အတားဖြစ်စေသည့် လုပ်ရပ်လည်း ဖြစ်သည်။ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းတို့နှင့် ထိုင်းနိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သည့် အထူးအစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ၎င်းတို့နိုင်ငံအနေဖြင့် အာရက္ခတပ်တော်ကို အသိအမှတ်ပြုမည်မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် တစ်သန်းနီးပါးသော မူဆလင်များနေရပ်ပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။
ဗုဒ္ဓဘာသာ ရက္ခိုင်လူမျိုးအများအပြားဖြင့် ဖွဲ့စည်းထားသည့် အာရက္ခတပ်တော်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့နှင့်ထိတွေ့ဆက်ဆံရန် ငြင်းပယ်ခံရခြင်းကြောင့် ဒေါသထွက်ခဲ့ရသည်ဟု ဆိုကြသည်။ ဤအခြေအနေကြောင့် ရက္ခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်စပါးနှင့် တခြားသော အခရာကျသည့် ကုန်စည်များကို တင်ပို့ခြင်းကို ရပ်ဆိုင်းသွားစေနိုင်ပြီး ဘင်္ဂလားဒေ့ရှ်၏ အစားအသောက်ပြတ်လပ်မှုကို ဖြစ်လာနိုင်စေသည်။
မူဆလင်အကျပ်အတည်း သို့မဟုတ် အစားအသောက်ပြတ်လပ်ရခြင်း အကြောင်းရင်းတစ်ခု
ဤအခြေအနေအတွင်း နောက်ထပ် အရှုပ်တော်ပုံတစ်ခုမှာ လက်ရှိဖြစ်ပျက်နေသည့် မူဆလင် အကျပ်အတည်းပင် ဖြစ်သည်။ မူဆလင် ၁ သန်းနီးပါး မြန်မာစစ်တပ်နှိမ်နှင်းမှုကြောင့် ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားဒေသတွင် ခိုလှုံနေထိုင်နေကြရသည်။ မကြာသေးမီက ဘင်္ဂလားဒေ့အစိုးရသည် မြန်မာပြည်မှ မူဆလင် ဒုက္ခသည် ၆သောင်းကျော် ထပ်မံဝင်ရောက်လာကြောင်းဆိုသည်။ အာရက္ခတပ်တော်အနေဖြင့် မူဆလင်များအရေး ပိုမိုထိန်းချုပ်မှုရစေရန် စစ်ကောင်စီနှင့် ပဋိပက္ခများတွင် အချိန်ကြာမြင့်စွာပါဝင်လာခဲ့ပြီး ဒေသတွင်း နိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမိုရှုပ်ထွေးသွားစေသည်။
လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်အတူ ဒုက္ခသည်များပြန်လက်ခံရန် စစ်ကောင်စီ ငြင်းပယ်ခြင်းက ဆန်စပါးကဲ့သို့ ဘင်္ဂလားဒေ့ရှ်၏ အရင်းအမြစ်များကို ပိုကုန်ခမ်းသွားစေနိုင်သည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် မကြာမီက ဖြစ်ပျက်ခဲ့သော အစားအစာ မဖူလုံမှုကို ဆိုးရွားသွားစေသည့် သဘာဝဘေးအန္တရာယ်များကြောင့် နဂိုကပင် ဘင်္ဂလားပြည်သူလူထုအတွက် ဖူလုံရန် ကြိုးပမ်းနေရချိန်တွင် မြန်မာနိုင်ငံမှ ဆန်စပါးတင်ပို့မှု ပြတ်တောက်သွားခြင်းလည်း ဖြစ်သည်။
ဒေသတွင်းတင်းမာမှုများနှင့် အိန္ဒိယ၏ အခန်းကဏ္ဍ
ဘင်္ဂလားဒေ့ရှ်အနေဖြင့် အိန္ဒိယထံမှ ဆန်စပါးတောင်းခံခြင်းများ ရှိသော်လည်း အိန္ဒိယအစိုးရထံမှ တရားဝင်တုံ့ပြန်မှု မရရှိသေးပေ။ ပြီးခဲ့သည့် သောကြာနေ့ အပတ်စဥ်သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယ နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ ရန်ဒါ ဂျီဆွယ် က “ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ကြားကုန်သွယ်မှု ကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကုန်သွယ်မှုများမှာလည်း နိုင်ငံနှစ်ခုစလုံးကြားတွင် လည်ပတ်ဆောင်ရွက်လျှက်ရှိသည်၊ ပြဿနာအနည်းငယ် ဟိုမှာသည်မှာ ရှိကောင်းရှိနိုင်သော်လည်း ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကုန်သွယ်မှုများရှိနေသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်၏ အစားအသောက် မဖူလုံခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများနှင့် အိမ်နီးချင်းနိုင်ငံများ၏ မဟာမိတ်များနှင့် ဦးစားပေးများ အပြောင်းအလဲရှိခြင်းစသော အချက်များပါသည့် ပိုမိုကျယ်ပြန်သည့် ဒေသတွင်းအနေအထားများနှင့် ဆက်စပ်နေသည်။ ပြည်ပမှ ရင်းမြစ်ပို့ကုန်များနှင့် မြန်မာပြည်မှ ဆန်စပါးကို အဓိကအားထားနေရခြင်းကြောင့် ပိုမို၍ ကုန်သွယ်ရေးတွင် ရပ်တန့်နေခြင်းကို ဒုက္ခရောက်စေသည်။ ထို့အပြင် အစားအသောက်ဖူလုံစေရန် သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများ မအောင်မြင်ခြင်းကလည်း ဆိုးရွားနေပြီးသား အခြေအနေကို ပိုမိုဆိုးရွားသွားစေပါသည်။