
AB News – ဇန်နဝါရီ ၆၊ ၂၀၂၆
ချန်ဒြာ
အကြမ်းဖက် မူဆလင်လက်နက်ကိုင် ARSA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆေးကုသရန်သွားသည့် မောင်တောဒေသခံ ၃ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသူများမှာ အသက် ၃၈ နှစ်အရွယ် မခိုင်ခိုင်စိုးနှင့် သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်ဝေယံလင်းနှင့် အသက် ၃၂ နှစ်အရွယ် မသန္တာစိုးတို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က မောင်တောဒေသခံ ၅ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လမ်းပြ ၃ ဦးနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆေးကုသမှုခံယူရန်သွားစဉ် နယ်စပ်မှတ်တိုင် (BP-42) အနီးတွင် ARSA အဖွဲ့ဝင် ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ညတွင်းချင်း ဖမ်းဆီးခံရသူများအနက် အမျိုးသား ၂ ဦးဖြစ်သည့် ဦးအကျော်နှင့် ဦးရန်နောင်စိုးတို့မှာ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုကြားမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြသော်လည်း ကျန်ရှိသည့် အမျိုးသမီး ၂ ဦးနှင့် ကလေးငယ်မှာ ARSA စခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
၎င်းတို့နှင့်အတူ လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လမ်းပြ ၃ ဦးကိုမူ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ARSA အဖွဲ့က ပြန်လည်လွှတ်ပေးခဲ့သည်။
လက်ရှိတွင် ARSA လက်ထဲ၌ ကျန်ရစ်ခဲ့သည့် အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၁ ဦးတို့မှာ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့ ပြန်လည်လွတ်မြောက်လာရန်အတွက် ငွေကြေးပေးခဲ့ရခြင်း ရှိ၊ မရှိ သို့မဟုတ် မည်သည့်နည်းလမ်းဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်ကိုမူ အသေးစိတ်မသိရှိရသေးပေ။
ယခုကဲ့သို့ ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်လာရခြင်းမှာ ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် BGB များ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။
အကြမ်းဖက် ARSA အဖွဲ့သည့် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန်အတွက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေရုံသာမက ဘင်္ဂလားဒေ့ရှ်အစိုးရဆီမှလည်း အထောက်အကူများပေးလျက်ရှိကာ မောင်တောဒေသသို့ ခြုံခိုဝင်ရောက်တိုက်ခိုက်လျှက်ရှိနေသည်။
ထို့ပြင် အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်တောမြောက်ပိုင်းမှ ဒေသခံပြည်သူများနေထိုင်သည့် ကျေးရွာများအတွင်းသို့ဝင်ရောက်ကာ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများကို ပြုလုပ်ကာ ၎င်းအဖွဲ့နှင့် ပူးပေါင်းရန် စည်းရုံးသိမ်းသွင်းမှုများကိုလည်း ပြုလုပ်လျှက်ရှိကြောင်း သိရသည်။