
(သုံးသပ်ချက်ဆောင်းပါး)
ဆောင်းပါးရှင်- မာမဃ
AB News-ဇန်နဝါရီ ၆၊ ၂၀၂၆
အာဏာသိမ်းမှုကြောင့် သန္ဓေတည် မွေးဖွားလာတဲ့ နွေဦးတော်လှန်ရေးဟာ ၅ နှစ် ကာလတခုကို ကျော်ဖြတ် လာပါပြီ။ ၄ နှစ်ကာလအတွင်း စစ်ရေးအရှုံးကြီး ရင်ဆိုင်ခဲ့ရတဲ့ စစ်ကောင်စီဟာ တရုတ်၊ ရုရှား၊ ပြည်သူ့ စစ်မှုထမ်း အကူအညီနဲ့ အင်အားဖြည့်တင်းပြီး တဖန် ခေါင်းထောင်လာတာကိုလည်း မြင်ရပါတယ်။
တဖက်မှာလည်း နွေဦးတော်လှန်ရေးအင်အားစုတွေထဲက စစ်ရေးအောင်မြင်မှုရရှိထားတဲ့အဖွဲ့ ၁၉ ခု စုပေါင်းပြီး နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ကို ဖွဲ့စည်းလိုက်ပါတယ်။
SRA ထဲမှာတော့ ဗမာ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းညီနောင်တပ်ဖွဲ့ (CB)၊ ကရင်နီကာကွယ်ရေး တပ်မတော် (KNDF)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ Magway PDF၊ 96 Soldiers PDF၊ ဗမာ့တပ်တော် (BA)၊ DPLF၊ FFD၊ GZA၊ KRF၊ MSRF၊ NLA၊ PIA၊ PNDF-KK ၊Saging PDF၊ ယောတပ်(YA)၊ YDF စတဲ့အဖွဲ့တွေပါ။
စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဒီနေ့တော်လှန်ရေးမှာ နွေဦးတပ် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ နေရာတိုင်း၊ အချိန် တိုင်းမှာပါဝင်နေသူက အာရက္ခတပ်တော်ဆိုရင်မှားမယ် မထင်ပါဘူး။
ဒီနေရာမှာ အာရက္ခတပ်တော်ရဲ့ အခန်းကဏ္ဍဟာ ရက္ခိုင်ပြည်လွတ်မြောက်ရေး သက်သက်မဟုတ်တော့ဘဲ တနိုင်ငံလုံးလွတ်မြောက်ရေး၊ နွေဦးတော်လှန်ရေးတို့နဲ့ ချိတ်ဆက်နေတာကို ထောက်ပြသွားပါမယ်။
နွေဦးတော်လှန်ရေးနဲ့ AA တို့ ဘယ်အချက်တွေ ချိတ်ဆက်နေတာလဲဆိုတော့ မြေပြန့်စစ်မျက်နှာ၊ မဟာမိတ် ဆက်ဆံရေး၊ AA ခေါင်းဆောင်တို့ရဲ့လက်တွေ့လုပ်နိုင်စွမ်း၊ နိုင်ငံရေး စစ်ရေး အမြော်အမြင်၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ဖွဲ့စည်းတာတို့ ဖြစ်ပါတယ်။
တခါ ဒီနှစ် ၂၀၂၆ မှာ နွေဦးတော်လှန်ရေးနဲ့ အာရက္ခတပ်တော်တို့ ဘယ်လိုချိတ်ဆက်ပြီး စစ်ပွဲတွေ ဖော်လာနိုင်လဲ ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
ဗမာပြည် စစ်မျက်နှာနဲ့ အာရက္ခတပ်တော်
ဒီနေ့မှာ စစ်ကောင်စီ စိုးရိမ်ရဆုံး၊ ဒုက္ခပေးခြိမ်းခြောက်နိုင်ဆုံးအဖွဲ့ဟာ AA ပါ။ သူဟာ တနိုင်ငံလုံး လွတ်မြောက် ရေးဆီ အပြောမဟုတ် လက်တွေ့လုပ်ပြနေပါတယ်။ ရက္ခိုင်ပြည် မြို့နယ် ၁၄ ခုနဲ့ ပလက်ဝကို သိမ်းပိုက်အပြီး ရခိုင်ရိုးမကိုကျော်လို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့က ဒေသခံတော်လှန်ရေးတပ်တွေနဲ့ တိုက်စစ် ခြေစွမ်း ပြနေပါတယ်။ စစ်တွေ၊ ကျောက်ဖြူကိုလည်း အနားမပေးဘဲ တိုက်နေပါတယ်။
ဆိုတော့ မကွေးတိုင်း စစ်မျက်နှာကို လှမ်းကြည့်ရအောင်ပါ။ AA ထိုးစစ်ဟာ အမ်း- မင်းဘူးလမ်းပိုင်း ငဖဲမြို့နယ်ထဲ ဝင်ပြီး ပဒါန်းမြို့မှာရှိတဲ့ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် (မစခ -၉၀၅) ဆီကို ဦးတည်ထားပါတယ်။ ရိုးတောင် ထိပ်က ငဖဲမြို့နယ် နတ်ရေကန်တိုက်ပွဲမှာ AA ထိုးစစ်ကို စစ်ကောင်စီ အလူးအလဲ ခံနေရပါတယ်။ လက်ရှိ အခြေ အနေဟာ နတ်ရေကန်အလွန်က ဂုတ်ကြီးရွာကို သိမ်းပိုက်ထားပြီးတော့ နတ်ရေကန်ဗျူဟာကို AA နဲ့ မဟာမိတ် တွေက ဝိုင်းပတ်ပိတ်ဆို့ပြီး အစာရေစာ ဖြတ်တောက်ပိတ်ဆို့ထားတဲ့ သဘောမြင်ရပါတယ်။ ဒါကြောင့် နတ်ရေကန် ဗျူဟာကလည်း မကြာမီ AA လက်ထဲရောက်တော့မယ့် အခြေအနေပါ။
ဒီလမ်းကြောင်းဟာ ပဒါန်းကနေ မင်းဘူး၊ ပွင့်ဖြူ၊ မကွေးစတဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ (ကပစ) တွေကို ခြိမ်းခြောက်ပြီး ချီတက်နေတဲ့ အနေအထားပါ။
ပဲခူးတိုင်းစစ်မျက်နှာမှာလည်း တောင်ကုတ်- ပန်းတောင်း- ပြည် လမ်းပိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးထိ စစ်ကောင်စီကို မောင်းထုတ်ထားပြီးတော့ အုတ်သျှစ်ပင်၊ ပန်းတောင်း၊ ပြည်အထိ အားယူနေတာပါ။ ဒီလမ်းကြောင်းမှာ တောင်ပုံကြီး၊ မိုးထိ၊ ပန်းကန်ကွဲ၊ ညောင်းကျိုးစခန်းတွေကို သိမ်းထားပါတယ်။ ဒီအချိန်မှာတော့ ပန်းတောင်း၊ ဥသျှစ်ပင်မြို့အနီး ကပစ ၆ အနီးသို့ တရွေ့ရွေ့ချဉ်းကပ်နေတာ မြင်ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပန်းတောင်းမြို့နယ် ကပစ-၁၆ မသုန်းကျေးရွာအနီး ပွိုင့် (၆၆၆) စခန်းကုန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို AA နဲ့ ပူးပေါင်းတပ်တွေ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်လိုက်တာကြောင့် စစ်တက္ကသိုလ် အပတ်စဉ် (၅၃) ဆင်း ဗိုလ်မှူးဝေယံလင်းနှင့်အတူ တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့တယ်လို့ လွတ်လပ်ရေးနေ့က စစ်ကောင်စီ ထုတ်ပြန်ပါတယ်။
အခု စစ်ကောင်စီဟာ ရှုခင်းသာ၊ ဆင်လန်းကျေးရွာတို့မှာ ခံစစ်ပြင်ပြီး ညောင်ခြေထောက် ကပစ (၆) ကို အသေ အလဲကာကွယ်နေရတာပါ။ ဒီကဆင်းသွားရင် ဥသျှစ်ပင်တပ်နယ်ရှိ ကပစ (၃)၊ ကပစ (၅)၊ ကပစ(၆)၊ ကပစ (၉)၊ ကပစ(၁၆)တို့ ဆီရောက်တော့မှာပါ။
မြန်မာနိုင်ငံမှာ စစ်ကောင်စီ အသက်သွေးကြော ကပစ စက်ရုံ (၂၅) ခုရှိပြီး အများစုကတော့ မကွေးတိုင်း၊ ပဲခူးတိုင်း ဧရာဝတီမြစ် အရှေ့နဲ့ အနောက်ကမ်းတွေမှာ ဗျူဟာကျကျ တည်ထားပါတယ်။
ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှာ ကပစ စက်ရုံ ၁၆ ခု ရှိနေပြီး ဒီစက်ရုံဟာ မကွေး၊ ပဲခူးတိုင်း အခု AA နဲ့ မဟာမိတ်တပ်တွေ စစ်ဆင်နေတဲ့ နေရာနဲ့နီးပါတယ်။ ဆိုတော့ ကပစနဲ့ နီးလာတဲ့ AA ထိုးစစ်အပေါ် အာဏာသိမ်း စစ်ခေါင်းဆောင် ခေါင်းခဲနေရတာပါ။
ဧရာဝတီတိုင်းမှာတော့ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ ပုသိမ်မြို့နယ် ရွှေသောင်ယံထိ ဖြန့်ကျက်ပြီး မုံရွာ- ပုသိမ်လမ်းပိုင်းက နေရာအများစုကို ထိန်းချုပ်ထားပါတယ်။ အခုချိန်မှာတော့ ရေကြည်၊ မြောက်စမ်းကျေးရွာ အခြေစိုက် အမြောက်တပ်ရင်း (အမတ ၃၄၄) အနီးထိ ချဉ်းကပ်နေပါတယ်။ စစ်ကောင်စီဟာ ပုသိမ်- မုံရွာလမ်းနဲ့ ဂွ- ငါးသိုင်းချောင်းလမ်ဆုံ ရေနံ့သာဂိတ်ကို အခြေကုတ်ပြီး အမြောက်တပ် မကျစေရေး အသည်းအသန် ပြင်ဆင်နေရပါတယ်။
ဒါ့အပြင် အင်္ဂပူ၊ ကွင်းကောက်မြို့၊ ပိန္နဲကွင်းကျေးရွာအနီးအမှတ် (၅) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေး သင်တန်း ကျောင်း (တကက ၅)နဲ့ ၄ မိုင်ခန့်အထိ ခြေကုတ်ယူထားပါတယ်။ ဧရာဝတီ စစ်မျက်နှာပြင်မှာ စစ်ကောင်စီ တပ်စခန်း ၁၀ ခုထက်မနည်းကို AA နဲ့မဟာမိတ်တွေ သိမ်းပိုက်ထားပြီးတော့ ပုသိမ်- မုံရွာလမ်းမကြီး နေရာအများ စုကို ထိန်းချုပ်ထားပါတယ်။
ဒီစစ်မျက်နှာပြင်တွေကို အောင်ပွဲခံနိုင်ခဲ့ရင် ပုသိမ်ကနေ ရန်ကုန်၊ နေပြည်တော်အထိ ချီတက်နိုင်မှာဖြစ်ပါတယ်။ ဒီထက်ပိုတာကတော့ ရခိုင်ရိုးမ အရှေ့ခြမ်းနဲ့ ပဲခူးရိုးမ အနောက်ကြောထဲ ပြန်တော်ပြန်လာတဲ့ NUG လက်အောက် ခံ PDF တွေနဲ့ အခြားတော်လှန်ရေးတပ်တွေ ဌာနချုပ်နေရာလည်းဖြစ်နိုင်ပါတယ်။
⚪ မဟာမိတ်စုဖွဲ့မှုအားကောင်းခြင်း
AA ဟာ ချင်းတပ် CNF ကလွဲပြီး မြန်မာပြည်အနှံ့ရှိ အင်အားကြီး တိုင်းရင်းသားတပ် KIA ၊KNU၊ KNDF၊ TNLA၊ MNDAA၊ UWSA၊ NDAA၊ SSPP စတဲ့ EROs အားလုံးနဲ့ ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးနဲ့ အတူပေါက်ဖွားလာကြတဲ့ PDFတွေနဲ့ လက်နက်ကိုင်တပ် အနည်းဆုံး ၂၃ ဖွဲ့ ထက် မနည်းကို AA က ကူညီထောက်ပံ့ပေးထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP- Myanmar) က ထုတ်ပြောထားပါတယ်။
တခါ BPLA၊ ချင်းညီနောင် CB၊ အရှိုချင်းတပ်၊ ကျောင်းသားလက်ရုံးတပ်တော်၊ PRA မကွေး၊ ယော PDF စတဲ့ မြေ ပြန့် တော်လှန်ရေးအင်အားစုတွေနဲ့လည်း မြေပြင်စစ်ဆင်ရေးတွေ လုပ်နေပါတယ်။
ဒါကြောင့် မြန်မာပြည်အနှံ့က တိုက်ပွဲတိုင်းမှာ AA ဟာ မဟာမိတ်ပီသစွာ ပြောင်မြောက်တဲ့ တိုက်စွမ်းရည်နဲ့အတူ စစ်ကောင်စီကို ဖြိုခွင်းနေပါတယ်။ ကချင်၊ ရှမ်းမြောက်၊ ချင်းဒေသစတဲ့ နေရာတိုင်းမှာ အာရက္ခစစ်သည်တွေ ရှေ့တန်းမှာ ရှိနေတာကို သတိထားမိပါတယ်။
လက်ရုံးရည်၊ နှလုံးရည် စွမ်းအားရှိ AA ဟာ တိုက်ရည်ခိုက်စွမ်းရည်၊ ခေါင်းဆောင်မှုနဲ့ စစ်နည်းဗျူဟာတွေ ကောင်းမွန်ပြီး စစ်ရေးပြင်ဆင်မှု ချိန်ကိုက် လှုပ်ရှားမှုတွေ ထူးချွန်ပါတယ်။ တခါ လူထုစည်းရုံးမှုစွမ်းရည်လည်း ခေါင်းဆောင်တွေမှာ ရှိနေတာပါ။
တဖက်ရန်သူ အကြောင်းကို အသေးစိတ်လေ့လာပြီး မိမိအားနည်းချက်၊ အားသာချက်တွေကို တွက်ဆနိုင်စွမ်း ရှိပါတယ်။ AA ရဲ့ မြေပြင်တပ်မှူးတွေဟာလည်း ဘယ်အချိန်၊ ဘယ်လိုတိုက်ခိုက်ရမှာကို နားလည်ကြပါတယ်။
ဒီလို စစ်နည်းပညာ မဟာဗျူဟာ အခြေခံနည်းနာတွေကို AA နဲ့ လက်တွဲတိုက်ပွဲဝင်နေတဲ့ PDF တွေရပြီးသားဖြစ် မှာပါ။ ဒါလည်း တော်လှန်ရေးအတွက် လွန်စွာအရေးပါတဲ့ ထောက်ပံ့မှုတခုလို့ ပြောနိုင်ပါတယ်။
ဒါ့အပြင် AA သွားနေတဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ မြန်မာနိုင်ငံရေး အခင်းအကျင်းကို ကြိုတင်တွေးဆ မြင်နိုင် စွမ်းရှိပါတယ်။
တော်လှန်ရေးမှာ ‘ ငါ့နယ်မြေ ရရင်တော်ပြီ ’ ဆိုတဲ့ စိတ်ထားမဟုတ်ဘဲ အားလုံး လက်တွေ့ သက်သေပြပါတယ်။ မြန်မာနိုင်ငံမှာ ကိုယ့်လူမျိုးစုတခုတည်းနဲ့ တော်လှန်ရေးခရီးမရောက်နိုင်တာကို ကောင်းစွာ နည်းလည်တယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့် AA ဟာ တတိုင်းပြည်လုံးအရေးကို ခြုံငုံ မြင်နိုင်သူလို့ဆိုချင်ပါတယ်။
⚪ နွေဦးတော်လှန်ရေးနဲ့ အာရက္ခတပ်တော်
ဒီနေ့မှာ အာရက္ခတပ်တော် လုပ်ဆောင်မှုတွေဟာ လူမျိုးပေါင်းစုံလွတ်မြောက်ရေး Strategy ကို သွားနေတာ မြင်နိုင်ပါတယ်။ ဒါကြောင့် AA ဟာ ရက္ခိုင်ဗဟိုပြုအထိုင်ကနေ နိုင်ငံလုံးလွတ်မြောက်ရေးဗျူဟာကို လုပ်ပြ နေပါတယ်။
ပြီးတော့ စစ်ရေးလော့ဂျစ်အရ အခု AA ဦးဆောင်နေတဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီ စစ်မျက်နှာတွေဟာ ဗမာ တပြည်လုံးအထိ လွှမ်းမိုးမှုရှိနိုင်ပါတယ်။ ဆိုလိုတာက AA ဟာ မြန်မာ့စစ်ရေး ကစားပွဲကို တနည်းနည်းနဲ့ လှန်မှောက်နိုင်တဲ့ အင်အားစုတခုလို့ ဆိုရမှာပါ။
⚪ SRA နဲ့ AA
ဒီနေရာမှာ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) နဲ့ အာရက္ခတပ်တော်တို့ အကြောင်းကိုလည်း အနည်းငယ်ချိတ်ဆက် ထည့်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်ကပြောခဲ့သလို အာရက္ခတပ်တော်နဲ့ ဆက်စပ်နေတဲ့ မြေပြင်တော်လှန်ရေးတပ်တွေထဲမှာ SRA တပ်ဖွဲ့ဝင် အများစုပါဝင်နေတာကို သတိထားမိပါတယ်။
ဒီ SRA တပ်ဖွဲ့တွေဟာ လူငယ်ခြေတက်၊ ပညာတတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တော်လှန်ရေး အင်အားစုတွေဖြစ်သလို မြေပြင်မှာလည်း တကယ်လှုပ်ရှားကြပါတယ်။ ဆိုတော့ SRA သာ အာရက္ခတပ်တော်နဲ့ ချိန်ကိုက်ပြီး နေရာအနှံ့မှာ တိုက်ပွဲဖော်လာရင် စစ်ကောင်စီ မခံမရပ်နိုင် ပြိုလဲမှာ မြင်ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြီးမှာ အရှက် သိက္ခာထိုးကျပြီး အရှုံးကြီးရင်ဆိုင်ခဲ့ရတဲ့ စစ်ကောင်စီရဲ့ တန်ပြန်လှုပ်ရှား လာမှုကို တပ်ပေါင်းစုအင်အား တန်ပြန်ထိုးစစ်နဲ့ ဖြိုခွင်းရမယ့် အခြေအနေတရပ် ဖြစ်နေပါတယ်။
တကယ်လို့ AA အပါဝင် NUG လက်အောက်ခံ PDF ထိုးစစ်တွေနဲ့အတူ မကွေး၊ ပဲခူး၊ ဧရာဝတီစတဲ့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း စစ်မျက်နှာ ပွင့်သွားခဲ့ရင် စစ်ကောင်စီဖရိုဖရဲဖြစ်မှာ သေချာပါတယ်။
တခါ SRA တပ်ဖွဲ့ဝင်တွေဟာလည်း မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေး၊ ချင်း၊ ကရင်နီ စတဲ့ ဒေသတွေမှာ မြို့သိမ်း၊ နယ်သိမ်း စစ်ဆင်ရေးတွေ တောက်လျှောက်ဖြစ်လာခဲ့ရင် စစ်ခေါင်းဆောင် အလဲအကွဲတွေ ဖြစ်လာမှာပါ။
⚪ အရှိန်မြင့်လာတဲ့ နိုင်ငံအလယ်ပိုင်း တော်လှန်ရေး
အခု ဒီဇင်ဘာ အစပိုင်းကစပြီး မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ မန္တလေးတိုင်းဒေသတွေမှာ PDF နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေဟာ အရှိုန်မြင့်နေတာကို မြင်ရပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်မှာ ကပစ ၂၄ ကထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ကျောင်းသားလက်ရုံးပြီး တပ်တော် (SAF)နဲ့ နွေဦးတော်လှန်ရေးတပ် ၇ ဖွဲ့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီ စစ်ကြောင်း အထိနာနေတယ်လို့ SAF က ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦး ထက်မနည်း သေဆုံးကာ ၄၀ ဦးခန့် ဒဏ်ရာရရှိခဲ့ တယ်လို့ SAF ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တခါ အခုရက်ပိုင်းမှာဘဲ မကွေးတိုင်းထဲက တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီးတော့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အဲဒီနေရာတွေမှာ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ ဆင်ဖြူကျွန်းမြို့ကို အပြီးသတ်သိမ်းပိုက်သွား မယ်လို့ စလင်း ပြည်သူ့ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်းဖက်မှာလည်း မိုးကုတ်မြို့ကို NUG ဦးဆောင်တဲ့ တပ်တွေနဲ့ MDY-PDF (မန္တလေး PDF) တို့ ပူးပေါင်း တိုက်ခိုက်နေလို့ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဒါတွေဟာ ဟန်ချက်ညီတဲ့ စစ်ဆင်ရေးတွေလို့ ဆိုရမှာပါ။
ဆောင်းပါး အစကို ပြန်ကောက်ရရင် ဒီအချိန်ဟာ အာရက္ခတပ်တော်နဲ့ နွေဦးတော်လှန်ရေးဆုံမှတ်မှာ ရှိနေပြီး တနိုင်ငံလုံးလွတ်မြောက်ရေး၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို လက်တွဲခရီးနှင်ရမယ့် အခါသမယ ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာပြည်တော်လှန်ရေး အန္တိမပန်းတိုင်ဟာ စစ်အာဏာရှင်ပျက်သုဉ်းရေးနဲ့ ဖက်ဒရယ် နိုင်ငံတော်သစ် မွေးဖွားဖို့ဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံတွေမှာလည်း လက်နက်ကိုင်တော်လှန်ရေး အခြေခံပြီးတော့ ပြည်သူဆန္ဒရှိတဲ့ နိုင်ငံသစ်တခု တည်ထောင်ကြစမြဲပါ။
ဒါကြောင့် အာရက္ခပြည်လွတ်မြောက်ဖို့ နွေဦးတော်လှန်ရေး အခရာကျသလို နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အာရက္ခတပ်တော်လည်း အဓိကအခန်းမှာ မလွဲမသွေ ရှိနေတယ်လို့ ပြောရမှာပါ။
အပေါ်က အချက်တွေကိုကြည့်ရင် ဒီနှစ် ၂၀၂၆ ခုနှစ်ဟာ ပြည်မတော်လှန်ရေးနဲ့ အာရက္ခတပ်တော်တို့ ပူးပေါင်းပြီး စစ်ကေင်စီကို အလေးထိုးမယ့် နှစ်လို့ပြောနိုင်ပါတယ်။ ဆိုတော့ နွေဦးတော်လှန်ရေးနဲ့ အာရက္ခတပ်တော်ဟာ ဒီတော်လှန်ရေး ခရီးကြမ်းမှာ အပြန်အလှန်အကျိုးတူ မှီခိုနေတာဖြစ်လို့ ပြိုင်တူချိန်ကိုက်လှုပ်ရှားဖို့လိုအပ်ကြောင်း မြင်မိပါတယ် ခင်ဗျား။