
AB News – ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၅
ရက္ခိုင်-ဘင်္ဂလားနယ်စပ် ၊ အာရက္ခ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေလုပ်သား ၁၉ ဦးနှင့် ၎င်းတို့၏ငါးဖမ်းဘုတ် ၄ စီးကို အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း AB News က ကွင်းဆင်း တွေ့ရှိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်တွင် အာရက္ခတပ်တော် AA က အာရက္ခရေပိုင်နက်ထဲတွင် တရားမဝင် ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းဘုတ် ၄ စီးနှင့်အတူ ရေလုပ်သား ၁၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
အမှတ် (၁၃) ဒုက္ခသည် စခန်းမှ ခေါ်ဘီတူလာက “ကျနော်က အမှတ် ၁၃ ဒုက္ခသည် စခန်းကပါ။ စားဝတ်နေရေး အခက်အခဲဖြစ်လို့ ငါးဖမ်းထွက်လာတာပါ။ အာရက္ခပင်လယ်ထဲမှာဆိုရင် ငါးပိုရတယ် ဆိုလို့ ငါးဖမ်းကြတာပါ။ အဲဒါမှာ AA နဲ့တွေ့လို့ မနေ့က ၊ မနက် ၉ နာရီ လောက်မှာ အဖမ်းခံခဲ့ရတာပါ ။ ကျနော်တို့ဘုတ်အပြင် တခြား ငါးဖမ်းဘုတ် ၃ စီးလည်း အဖမ်းခံခဲ့ရပါတယ်။ ငါးဖမ်းသမား စုစုပေါင်းကတေ့ာ ၁၉ ယောက်ပါ ” ဟု ဆိုသည်။
၎င်းဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းသမားများသည် အာရက္ခပင်လယ်ပြင်အတွင်း ကန့်သတ်ထားသည့် လျှပ်စီးငါးဖမ်းပိုက်များကို အသုံးပြုကာ ငါးဖမ်းခဲ့သည်ကို တွေ့ရှိရကြောင်း အမည်မဖော်လိုသည့် ဒေသခံငါးဖမ်းသမား ၁ ဦးက ပြောသည်။
“သူတို့က ကန့်သတ်ထားတဲ့ လျှပ်စီးပိုက်တွေနဲ့ ငါးဖမ်းကြတာ။ နည်းနည်းပါးပါး ဖမ်းကြတာ မဟုတ်ဘူး။ ငါးဖမ်းဘုတ် အစီးရေ ၅၀၊ ၆၀ လောက်ကို နေ့တိုင်း ဖမ်းနေကြတာ။ ခုတောင် ပင်လယ်မှာ တချို့ငါးမျိုးစိပ်တွေ ရှားပါးသွားပြီ။ ရှာမရတော့ဘူး” ဟု ပြောသည်။
Current Net (လျှပ်စီး) ငါးဖမ်းပိုက်ဆိုသည်မှာ အလွန်သေးငယ်သော ဇကာဖြင့် ပြုလုပ်ထားသော ပိုက်အမျိုးအစားဖြစ်ပြီး ငါးပေါက်ကလေးများ ဖမ်းယူနိုင်ဟု သိရပြီး ထိုပိုက်မျိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ကန့်သတ် ပိတ်ပင်ထားကြောင်း သိရသည်။
အာရက္ခတပ်တော် AA ထံ ဖမ်းဆီးခံခဲ့ရသော ငါးဖမ်းသမားများ၏ အမည်များမှာ –
(၁) အဖ မာမောက်ဆလင်၏သား ခေါ်ဘီတူလာ (၃၅)နှစ်
(၂) အဖ နူမာမောက်၏သား ဆွယ်ယုတ်တာရောင် (၃၆)နှစ်
(၃) အဖ မာမောက်၏သား အီမာနူဆောင်း (၁၉)နှစ်
(၄) အဖ နူရူမာဟားမောက်၏သား ဖဲလ်ဆဲ (၂၂)နှစ်
(၅) အဖ ခွီလာမျာ၏သား ကာလာမျာ (၃၅)နှစ်
(၆) အဖ ဆွေယောက်အာမောက်၏သား နူရ်အာလောင် (၃၅)နှစ်
(၇) အဖ ဆူလ်တန်ဟာမောက်၏သား အာဘူကာလောင် (၃၀)နှစ်
(၈) အဖ ချောင်းချူအာလောင်၏သား အဒူရော်ဟာမောင်း (၁၆)နှစ်
(၉) အဖ ဖော်လ်ဇော်ကော်ရိမ်၏သား ဖားဟတ် (၁၂)နှစ်
(၁၀) အဖ အဒူလာမိန်၏သား ခေါ်ဘီရာမောက် (၃၅)နှစ်
(၁၁) အဖ ချူးနားမျာ၏သား နူရူအိစ္စလာမ် (၃၂)နှစ်
(၁၂) အဖ ကော်ဘီအာဟားမောက်၏သား မူဟားမောက်အီနူ (၁၈)နှစ်
(၁၃) အဖ ရိုချီးတာမောက်၏သား လိုတူရာဟားမောက် (၂၂)နှစ်
(၁၄) အဖ အဒူမူနာ၏သား ရိုဟီးမူလာ (၁၈)နှစ် နှင့်
(၁၅) အဖ ရူဆလင်၏သား ဖာရု (၃၃)နှစ်
(၁၆) အဖ နာဒူဟူဆောင်း၏သား အေဘာရာဟိန်း (၂၂)နှစ်
(၁၇) အဖ မာမောက်အိစ္စလာမ်၏သား ကေဖိုက်ဒူလာ (၂၅) နှစ်
(၁၈) အဖ ဒိုလီလာမောက်၏သား အဒူမူနာ (၂၈)နှစ်
(၁၉) အဖ အူဆောင်းအာမောက်၏သား မာမောက်တော်ယုတ် (၃၀)နှစ် တို့ဖြစ်သည်။
အဆိုပါ ရေလုပ်သား ၁၉ ဦး ကို အာရက္ခတပ်တော် AA က အလယ်သံကျော် ကမ်းခြေအနီး အာရက္ခရေပိုင်အနက်အတွင်း ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ ဖုန်း ၇ လုံးပါရှိသည်ကို တွေ့ရသည်။
လက်ရှိတွင် ၎င်းတို့ ၁၉ ဦးကို အာရက္ခတပ်တော် AA က ဘေးကင်းလုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်နှင့် နေ့လည် ၃ နာရီအချိန်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းဘုတ် ၂ စီး ( ရေလုပ်သား ၁၀ ဦး) ကို အာရက္ခပင်လယ် မကျည်းချောင်းကမ်းခြေနှင့် မီတာ (၁၂၀၀)ခန့်အကွာ နှင့် အလယ်သံကျော်ကမ်းခြေနှင့် မီတာ (၂၀၀) ခန့်အကွာတွင် အာရက္ခတပ်တော် ကင်းလှည့်အဖွဲ့များက ဖမ်းဆီးရရှိခဲ့သည်။