AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆
အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးဖမ်းမှုဖြင့် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်းက ဖမ်းဆီးအရေးယူထားသည့် ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၇၃) ဦးကို အာရက္ခတပ်တော်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်လိုက်သည်။
ယခုလွှဲပြောင်းပေးအပ်မှုကို မောင်တောမြို့၊ ကညင်ချောင်းစီးပွားရေးဇုန်၏ အရှေ့ဘက်ခြမ်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ် မြို့နှင့် မျက်နှာချင်းဆိုင်ရှိ နှစ်နိုင်ငံရေပိုင်နက်အတွင်း၌ ညနေ ၄ နာရီအချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လွှဲပြောင်းမှု အစီအစဉ်တွင် အာရက္ခတပ်တော်ဘက်မှ အမြန်နှုန်းမြင့် Speed Boat (၁) စီး အပါအဝင် စုစုပေါင်း စက်လှေ (၅) စီးဖြင့် လုံခြုံရေးအင်အား (၇၀) ကျော် အပြည့်အဝရယူကာ လိုက်ပါပို့ဆောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း Speed Boat (၄) စီးဖြင့် လာရောက်ကြိုဆိုခဲ့ကြပြီး၊ နှစ်ဖက်အရာရှိများသည် ပင်လယ်ပြင်အတွင်း ရေယာဉ်များပေါ်၌ပင် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်၍ အာရက္ခတပ်တော်မှ တာဝန်ရှိအရာရှိတစ်ဦးက ယခုလို ပြောသည်။
“ကျနော်တို့အနေနဲ့ မိမိတို့ရဲ့ ရေပိုင်နက်အချုပ်အခြာနဲ့ သယံဇာတတွေကို ကာကွယ်ဖို့အတွက် ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီနေ့ လွှဲပြောင်းပေးလိုက်တဲ့ ရေလုပ်သားတွေဟာလည်း သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကျခံပြီးသူတွေဖြစ်သလို၊ အိမ်နီးချင်းကောင်း ပီသမှုနဲ့ လူသားချင်းစာနာမှုအရ အခုလို စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်တာ ဖြစ်ပါတယ်”ဟုဆိုသည်။
ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းခံရသည့် ရေလုပ်သားများထဲမှ တစ်ဦးဖြစ်သူ ဆီးရက်စ်က”ကျနော်တို့ ကျူးကျော်ဝင်ရောက် ခဲ့တဲ့အတွက် အခုလို အရေးယူခံရတာကို နားလည်ပါတယ်။ အခုလို ဘေးအန္တရာယ်ကင်းကင်းနဲ့ မိသားစုဆီ ပြန်ပို့ပေးတဲ့အတွက် အာရက္ခတပ်တော်ကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်နောင်မှာ အာရက္ခရေပိုင်နက်ထဲကို ဘယ်တော့မှ ကျူးကျော်ဝင်ရောက်တာမျိုး မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်”ဟုပြောသည်။
ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းခံရသည့် ရေလုပ်သား ၇၃ ဦးသည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များအတွင်းက အာရက္ခရေပိုင်နက်ထဲသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းဆီးနေစဉ် အာရက္ခကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်သည်။
၎င်းတို့ကို အာရက္ခပြည်သူ့အစိုးရ၏ တည်ဆဲဥပဒေများနှင့်အညီ တရားစီရင်ကာ ထိရောက်သော ပြစ်ဒဏ်များ ကျခံစေခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
လွှဲပြောင်းပေးအပ်ခြင်း မပြုမီတွင် ဖမ်းဆီးခံရေလုပ်သားများအနေဖြင့် နောက်နောင်တွင် အာရက္ခရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခြင်း လုံးဝပြုလုပ်တော့မည်မဟုတ်ကြောင်းကို ဥပဒေကြောင်းအရ ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် ၎င်းတို့၏ ဘာသာရေးအစဉ်အလာနှင့်အညီ ကုရ်အာန်ကျမ်းစာကို ကိုင်ဆောင်ကာ နောက်နောင်တွင် အာရက္ခရေပိုင်နက်သို့ တစ်စုံတစ်ရာ ကျူးကျော်မှုမပြုရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်ကို တွေ့ရသည်။
အာရက္ခကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့အနေဖြင့် မိမိတို့၏ ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်လာသူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ပြတ်သားစွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းသတိပေးထားသည်။






