သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခပင်လယ်ပြင်တွင် ပြည်ပ ငါးဖမ်းရေယာဉ်များကို တရားဝင်အခွန်ဆောင် ငါးဖမ်းခွင့်ပြု

​AB News – အောက်တိုဘာ ၃၀၊ ၂၀၂၅
ချန်ဒြာ

​ရက္ခိုင်-ဘင်္ဂလား နယ်စပ်ရှိ အာရက္ခပင်လယ်ပြင်အတွင်းသို့ ပြည်ပငါးဖမ်းရေယာဉ်များ လာရောက်လုပ်ကိုင်မည်ဆိုပါက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြည်ပ ငါးဖမ်းရေယာဉ် စီမံခန့်ခွဲရေးဌာနတွင် ငါးဖမ်းခွင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး တရားဝင်အခွန်အခများ ပေးဆောင်မှသာ ခွင့်ပြုမည်ဖြစ်ကြောင်း AB News က စုံစမ်းသိရှိရသည်။

​သို့သော် တရားဝင်အခွန် မဆောင်ဘဲ ခိုးဝင်ငါးဖမ်းသည့် ပြည်ပမှ ငါးဖမ်းဘုတ်များနှင့် အခွန်ထက်ဝက်သာ ဆောင်ထားပြီး သတ်မှတ်ထားသည့်အချိန်အတွင်း အပြည့်အဝပေးဆောင်ရန် ပျက်ကွက်သည့် ရေယာဉ်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုး၏ ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးကာ တရားဥပဒေနှင့်အညီ အရေးယူမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

​ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အာရက္ခရေပိုင်နက်၊ မောင်တောမြို့နယ်၊ ဧကရာဇ်ရွာ၏ အနောက်ဘက် ကမ်းရိုးတန်းနှင့် ၂.၁၅ ကီလိုမီတာကျော်အကွာခန့်၌ တရားဝင်အခွန်ဆောင်ထားခြင်းမရှိဘဲ ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေလုပ်သား ၇ ဦးပါ ငါးဖမ်းဘုတ် ၁ စီးကို ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့သည်။

​ထို့အတူ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၆ နာရီ ၅၅ မိနစ်အချိန်ခန့်တွင်လည်း အာရက္ခပင်လယ်ပြင်အတွင်း တရားမဝင် ခိုးဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းဘုတ်များကို လိုက်လံဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးမှုများရှိခဲ့သည်။

ယင်းနောက် နံနက် ၈ နာရီအချိန်တွင် ရေလုပ်သား ၄ ဦးပါသည့် ငါးဖမ်းဘုတ် ၁ စီးကို ထပ်မံဖမ်းဆီးရရှိခဲ့သည်။

​စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ပြည်ပငါးဖမ်းရေယာဉ် စီမံခန့်ခွဲရေးဌာနတွင် မှတ်ပုံတင်ထားသော်လည်း အခွန်ငွေအပြည့်အဝ ပေးဆောင်ထားခြင်းမရှိသည့် ငါးဖမ်းဘုတ်များနှင့် ခွင့်မပြုသေးသော နေရာများတွင် ဝင်ရောက်ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပိုင် ငါးဖမ်းဘုတ်များကို AA က ဖမ်းဆီးခဲ့သည်။

ရေလုပ်သား ၇ ဦးပါ ငါးဖမ်းဘုတ် ၁ စီးကို ဖမ်းဆီးစစ်ဆေးပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့တွင် ငါးဖမ်းပိုက်နှင့် ငါးများကို သိမ်းယူကာ နောက်ဆုံးအကြိမ်သတိပေး၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

​ဒေသခံရေလုပ်သားတစ်ဦးက “ပင်လယ်မှာတော့ ငါးဖမ်းခွင့်မှတ်ပုံတင်ပြီး ငါးဖမ်းတဲ့ ပြည်ပဘက်က ဘုတ်တွေရှိသလို၊ မှတ်ပုံတင်ခြင်းမရှိပဲ ငါးခိုးဖမ်းတဲ့ ဘုတ်တွေလည်း အများကြီးရှိပါတယ်။ ကျနော်တို့အစိုးရကလည်း ငါးခိုးဖမ်းတဲ့ဘုတ်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။ ပြည်တွင်းဘက်က ငါးဖမ်းဘုတ်တွေကတော့ အခွန်ဆောင်စရာမလိုပါဘူး” ဟု ဆိုသည်။

​လက်ရှိအချိန်အထိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့သည် တရားမဝင် လာရောက်ငါးခိုးဖမ်းသည့် ပြည်ပမှ ငါးဖမ်းဘုတ်များကို ​နေ့စဥ်လိုက်လံဖမ်းဆီးကာ အရေးယူဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ