သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎အာရက္ခဒေသတွင် ဇူလိုင်လအတွင်း ရေနစ်သေဆုံးသူ ၁၀ ဦးအထိရှိလာ



‎AB News – သြဂုတ် ၁၊ ၂၀၂၅
‎ဒေဝီ

‎အာရက္ခဒေသတွင် ဇူလိုင်လအတွင်း ရေနစ်သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့ကြောင်း AB News ၏ သတင်းစစ်တမ်းအရ သိရသည်။

‎အဆိုပါရေနစ်သေဆုံးသူများတွင် အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၆ ဦးတို့ရေနစ်သေဆုံးခဲ့ကြပြီး ၎င်းတို့မှာ အမ်းမြို့နယ် ၂ ဦး၊ သံတွဲမြို့နယ် ၁ ဦး၊ မောင်တောမြို့နယ် ၂ ဦး၊ မင်းပြားမြို့နယ် ၁ ဦး၊ မြေပုံမြို့နယ် ၁ ဦး၊ ရသေ့တောင်မြို့နယ် ၁ ဦး နှင့် ပလက်ဝမြို့နယ် ၂ ဦး တို့ ဖြစ်ကြသည်။


‎ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က မောင်တော မြို့နယ်၊ အောင်သုခကျေးရွာရှိ အသက် ၃၇နှစ်အရွယ် မအေးအေးသန်း နှင့် ၎င်း၏ အဖော် အသက် ၂၈ နှစ်အရွယ် မယောင်းချေတို့မှာ ခင်ပွန်းဖြစ်သူထံ ထမင်းပို့ရန် သဝင်ချောင်း ကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့သည်။

‎အလားတူ ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ကင်သည်ကျွန်းရွာက  အသက် ၁၆ နှစ် အရွယ် မောင်ထင်လင်းကျော်သည် ၎င်း၏ သူငယ်ချင်း ၆ ဦးနှင့်အတူ သံတွဲချောင်းအထက်ပိုင်း ကျောက်ဘူးတောင် ဘုရားအနီးရှိ ချောင်းစပ်တွင် ရေဆင်းကူးရာမှ ရေစီးဖြင့်မျောပါပြီး ရေနစ်သေဆုံးခဲ့ရသည်။

‎ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ခေါင်းလောင်းကျေးရွာမှ အဖ ဦးမောင်စောလှ၊ အမိ ဒေါ်စိန်ကျော့ဖြူတို၏  သား အသက် ၂၉ နှစ်အရွယ် မောင်နိုင်လင်းဌေးသည်  ပျောက်ဆုံးသွားခဲ့ပြီး ဇူလိုင် ၁၀ရက်နေ့တွင် ဇီးကိုင်းချောင်း၌ ရေနစ်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

‎ယင်းအပြင် ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းက အမ်းမြို့နယ်၊တပ်တောင်မြို့၊ အဝပြင်ရွာ (၂) ရွာရှိ အသက် ၁၆ နှစ် အရွယ် မဆုမြတ်လှိုင် (ခ) ပိစိ နှင့် အသက် ၁၂ နှစ်အရွယ် မဆုသက်လှိုင် (ခ) စုစုမ တို့သည် မှိုဟင်းခူး သွားရာမှ ရေနစ်သေဆုံးခဲ့ရသည်။

‎ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောရွာက အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းဦးသည် ကျွန်းပေါ် ပေါက်တောရွာမှ ခွဆုံရွာသို့ ချောင်းဖြတ်ကူးနေစဥ် ရေစီးသန်သဖြင့် ရေနစ်သေဆုံးခဲ့ရသည်။

‎အလားတူ ဇူလိုင်လ ၂၃ ရက်နေ့က ပလက်ဝမြို့နယ်၊ မွေလိုက်ဝကျေးရွာတွင် အသက် ၆၁ နှစ်အရွယ် ဦးလှထွန်းဖြူသည် ကုလက်ချောင်းအတိုင်း မျောပါ လာသည့် စက်လှေတစ်စီးကို ဆယ်ယူရာမှ ရေစီးဖြင့် မျောပါသွားပြီး ၃ ရက်အကြာတွင် ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရသည်။

‎ထို့အ​ပြင် ပြီးခဲ့သည့် ​​ဇူလိုင် ၂၅ ရက်နေ့ကလည်း မြေပုံမြို့နယ်၊​ တောင်စိုင်ရွာက အသက် ၄၈ နှစ်အရွယ် ဦးဦးသာကျော်သည် တောင်စိုင်ရွာ အနီးရှိ ၎င်းအငှားလုပ်ကိုင်နေသည့် ပုဇွန်တာသို့ ပိုက်တန်းသွားရာမှ ရေနစ်သေဆုံးသွားခဲ့ရသည်။

‎အလားတူ ပြီးခဲ့သည့် ဇူလိုင်၂၆ ရက်နေ့က ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာတွင် အသက် ၁၈ နှစ်အရွယ် ကျောင်းဆရာ မောင်ကိုဇာသည် ရာရီတောင်ကျေးရွာမှ ၎င်းနေထိုင်သည့် ရွှေလိုက်ဝကျေးရွာသို့အပြန်တွင် ရှင်းလက်ချောင်းကို ဖြတ်ကူးရာ ရွှေလိုက်ဝဆိပ်ကမ်းသို့ မရောက်ခင် ရေစီးသန်ပြီး မျောပါသွားဖြင့် ၎င်း၏ရုပ်အလောင်းကို ဇူလိုင် ၂၉ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်တွင် လေသစ်ကျေးရွာအနီးက ရှာတွေ့ခဲ့ကြောင်း သိရသည်။

‎ယခုနှစ်မိုးရာသီ ကာလအတွင်း အာရက္ခဒေသတွင် ရေနစ်သေဆုံးသူ ၂၂ ဦးထိ ရှိနေပြီဖြစ်ကြောင်း AB News ၏ စစ်တမ်းများအရ သိရသည်။

‎မိုးတွင်းကာလဖြစ်သည့်အတွက် အာရက္ခဒေသရှိ ရေကြီး ရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရေစီးသန်သဖြင့် ရေလွှမ်းမိုးခြင်း ၊ တောင်ပြိုခြင်း၊ ကမ်းပါးပြို​ခြင်းများကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် မြစ်ချောင်း၊ ကမ်းနားများတွင် သတိထားနေထိုင်သွားလာကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဒေသဆိုင်ရာအာဏာပိုင်များက ပြည်သူများကို သတိပေးနှိုးဆော်တိုက် တွန်းထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ