
AB News – နိုဝင်ဘာ ၈၊ ၂၀၂၅
ဆိုဖီ
အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသည့် ရက္ခိုင်က မြို့နယ် ၃ ခုကို အကြမ်းဖက် စစ်ကော်မရှင်တပ်မှ တစ်ရက်တည်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံးစမ်းသိရှိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံရသော မြို့နယ် ၃ ခုမှာ ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်သံခြေကျေးရွာနှင့် ရသေ့တောင်မြို့ နယ် ကြိမ်သာကျေးရွာတို့ဖြစ်သည်။
စစ်ကော်မရှင်သည် ယနေ့ နေ့လည် ၂ နာရီကျော်တွင် ပေါက်တောမြို့မ စာသင်ကျောင်း အား ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိသွားခဲ့ရသည်။
ထို့ပြင် တစ်ချိန်တည်းတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေရွာကိုလည်း အကြမ်းဖက် စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းရွာမှ ကျောက်သံခြေရွာတွင် သွားရောက် စစ်ဘေးရှောင်နေသည့် အသက် ၈၃ နှစ်အရွယ် ဒေါ်မအိုင်စိန်နှင့် အသက် ၃၇နှစ် အရွယ် ဒေါ်ပိုင်မိုးစံ တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူများမှာ အသက် ၂၁ နှစ်အရွယ် ဒေါ်ခင်လိူင်ဦးနှင့် အသက် ၃၀ အရွယ် ဆန်းလင်း တို့ ဖြစ်ကြောင်း သိရသည်။
အလားတူ တရက်တည်းတွင် ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာကိုလည်း လေကြောင်းဖြင့် ဗုံး ၂ လုံးကြဲချခဲ့ကာ စက်သေနတ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန့်နေ့ နိုဝင်ဘာ ၇ ရက်နေ့ တစ်ရက်တည်းတွင်လည်း ပုဏ္ဏားကျွန်းမြိုနယ် ယိုးတရုတ်စံပြကျေးရွာ ၊ အောင်ဖြူပြင်ကျေးရွာ နှင့် မင်းပြားမြို မြိုသစ်ရပ်ကွက်တို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်း ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၀ ဦး သေဆုံးသွားခဲ့ရပြီး ၁၈ ဦး ဒဏ်ရာရရှိသွားခဲ့ရသည်။
HDCO ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အတွင်း အကြမ်းဖက် စစ်ကော်မရှင်၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၉၇၀ ဦး သေဆုံးခဲ့ပြီး ၂၀၅၄ ဦး ဒဏ်ရာ ရရှိခဲ့ကာ မတရား ဖမ်းဆီးခံခဲ့ရသူ.၁၀၀၀ ဦးထိရှိခဲ့ကြောင်း သိရသည်။
ထိုအထဲတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၄၃ ဦး သေဆုံးပြီး ၁၀၁၅ ဦး ဒဏ်ရာ ရရှိခဲ့သဘ်ဟု ထုတ်ပြန်ထားသည်။