သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်း ၅ နှစ်အတွင်း ချင်းပြည်နယ်တွင် ကလေးငယ် ၃၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ICA ပြော

AB News – ဖေဖော်ဝါရီ ၂၊ ၂၀၂၅

စစ်ကော်မရှင်(စကမ)တပ် အာဏာသိမ်းမှု ၅ နှစ်အတွင်း ချင်းပြည်နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၃ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း Institute of Chin Affairs (ICA) က ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

စကမ မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ခဲ့သည့် မတရားအာဏာသိမ်းမှုသည် ယမန်နေ့တွင် ၅ နှစ်ပြည့်ခဲ့ပြီး ဖြစ်သည်။

စစ်အာဏာသိမ်းပြီး စကမ၏ လုပ်ရပ်များကြောင့် ချင်းပြည်နယ်တွင် ချင်းလူမျိုးစုစုပေါင်း ၁၁၈၃ ဦးသေဆုံးခဲ့ရပြီး သေဆုံးသူများထဲတွင် အသက် ၁၀ အောက်ကလေးငယ် ၃၃ ဦးပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ICA ၏ ထုတ်ပြန်ချက်အရ သေဆုံးသူများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ၄၉၇ ဦး၊ အသက် ၃၆ နှစ်အထက် ၁၅၄ ဦး၊ အသက် ၁၁ မှ ၁၇ နှစ်အတွင်း ၄၈ ဦး၊ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃၃ ဦး ပါဝင်သကဲ့သို့ စစ်ရေးအခြေအနေများကြောင့် အသက်အရွယ်ကို မသိရသေးသည့် သေဆုံးသူ ၄၅၁ ဦး ရှိနေသေးကြောင်း ဆိုသည်။

သေဆုံးမှု အများဆုံးဖြစ်သည့် ၄၉၇ ဦး (အသက် ၁၈ နှင့် ၃၅ ကြား)တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပါဝင်ကြောင်း သိရသည်။

စစ်ရေးပဋိပက္ခများအကြား ပိတ်မိ၍လည်းကောင်း၊ စကမ ဖမ်းဆီးဖြတ်သတ်၍လည်းကောင်း သေဆုံးသူ ၁၆၉ ဦးအပါအဝင် တိုက်ပွဲကြောင့် စုစုပေါင်းသေဆုံးခဲ့ရသူ ၅၇၄ ဦးရှိခဲ့ကြောင်း ဆိုသည်။

အာဏာသိမ်းချိန်မှစ၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃၁ ရက်နေ့အထိ စကမ မှ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀၀ ကျော် ပြုလုပ်ခဲ့ကာ သေဆုံးပြည်သူ ၂၄၆ ဦးနှင့် သေဆုံးတော်လှန်ရေးတပ်ဖွဲ့ဝင် ၁၅၄ ဦး ရှိခဲ့အပြင် စုစုပေါင်းထိခိုက်ဒဏ်ရာရှိသူ ၁၁၄၀ ဦး ရှိခဲ့ကြောင်း ICA ၏ အစီရင်ခံစာက ဆိုသည်။

ထိုလေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ် ၂၁၉၉ လုံး ပျက်စီးခဲ့ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၇၆ လုံး နှင့် စာသင်ကျောင်းအပါအဝင် ဆေးရုံ၊ ဆေးခန်း စုစုပေါင်း ၈၈ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိ ချင်းပြည်နယ်တွင် စစ်ဘေးကြောင့် ‌‌ရွေ့ပြောင်းနေထိုင်နေရသူ ၁ သိန်းကျော်ရှိလာနေပြီး နိုင်ငံခြားသို့ ထွက်ပြေးခိုလုံနေရသည့် ဒုက္ခသည် ၆ ထောင်ကျော်အထိရှိလာနေကြောင်း ဆိုသည်။

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၊ ကုလသမဂ္ဂ၊ အာဆီယံနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ချင်းလူမျိုးများအပေါ် စကမ၏ လုပ်ရပ်များကို အရေးပေါ် အရေးယူစုံစမ်းဆောင်ရွက်ပေးပါရန် ICA က တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ