
AB News – အောက်တိုဘာ ၂၉၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ လူနာပို့ဆောင်နေစဉ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူမှုကူညီရေး စေတနာ့ဝန်ထမ်း မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ် သေဆုံးသွားခဲ့ရခြင်းအပေါ် အမေရိကန် ရက္ခိုင်လူမှုအဖွဲ့အစည်း (Arakan American Community – AAC) က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုအဖြစ် အပြင်းအထန် ရှုတ်ချလိုက်သည်။
မောင်ဌေးအောင်ဟိန်းသည် အသက် ၁၄ နှစ်သာ ရှိသေးသော်လည်း ငယ်စဉ်ကတည်းကပင် လူမှုအကျိုးပြုလုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူဖြစ်ကာ ၎င်း၏ စွန့်လွှတ်မှုသည် ရက္ခိုင်လူငယ်များ၏ ရဲစွမ်းသတ္တိ ပြယုဂ်ဖြစ်ကြောင်း AAC က ချီးကျူးဖော်ပြထားသည်။
ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်များကို ထမ်းဆောင်နေသည့် အရပ်ဖက် စေတနာ့ဝန်ထမ်းများကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း AAC က အတိအလင်း ဆိုသည်။
ယခုလုပ်ရပ်သည် ရက္ခိုင်ဒေသရှိ ကလေးငယ်များနှင့် အကူအညီပေးရေးလုပ်သားများအပါအဝင် အပြစ်မဲ့အရပ်သားများကို အကြမ်းဖက် စစ်ကော်မရှင်တပ်မှ စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်နေမှုကို ထပ်မံပေါ်လွင်စေသည် ဟုလည်း AAC က ဖော်ပြထားသည်။
အဆိုပါ စစ်ရာဇဝတ်မှုအတွက် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ပေးရန်အတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အစိုးရများအားလုံးကို AAC က တောင်းဆိုလိုက်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကော်မရှင်တပ်အား အပြစ်ပေးခံရခြင်းမရှိဘဲ ဆက်လက်ပြုလုပ်နေခြင်းသည် ရက္ခိုင်လူမျိုးများနှင့် မြန်မာနိုင်ငံတဝန်းလုံးရှိ ပြည်သူများအပေါ် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများအပေါ် အားပေးရာရောက်သည်ဟုလည်း မှတ်ချက်ပြုထားသည်။
မောင်ဌေးအောင်ဟိန်း၏ မိသားစု၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းနှင့် အသက်ကိုစွန့်၍ အများအကျိုးဆောင်ရွက်နေသော လူမှုကူညီရေး လုပ်သားများအားလုံးနှင့် တစ်သားတည်း ခိုင်မာစွာ ရပ်တည်ပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
၎င်း၏ အနစ်နာခံမှုအား မှောင်မိုက်မှုနှင့် ဖိနှိပ်မှုများအလယ်၌ ရဲစွမ်းသတ္တိနှင့် လူသားများ၏ ပြယုဂ်တစ်ခုအဖြစ် အမှတ်ရနေမည်ဟုလည်း AAC က ပြောဆိုခဲ့သည်။