Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်း စွိချောင်းတောင် ဗျူဟာကုန်းကို AA သိမ်းပိုက်၊ စစ်ကောင်စီဖက်မှ ၁၅၀ ခန့်သေဆုံး

ရက္ခိုင်ပြည်၊ အမ်းမြို့နယ် ကဇုကိုင်းတံတားအနီး စစ်ကောင်စီ၏ စွိချောင်း (စွေ့ချောင်း) တောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၁၅၀ ခန့်သေဆုံးသွားခဲ့ကြောင်း တိုက်ပွဲကြားက ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံများက AB News သို့အတည်ပြုပြောသည်။

စစ်ကောင်စီ၏ စွိချောင်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော်က ဧပြီ ၂၇ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ သေဆုံးသွားသည့် အလောင်းများမှာ ဒါးလက်ချောင်းနှင့် စွိချောင်းရွာထဲတို့တွင် ပြန့်ကြဲလျက် ရှိနေသည်ကို တွေ့ခဲ့ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စွိချောင်းတောင်ဗျူဟာကုန်းမှာ စွိချောင်းရွာအနီးတောင်တွင်ရှိပြီး တောဟိန်းတောင် ဗျူဟာကုန်းနှင့် ကဇုကိုင်းတံတား တစ်ခုသာခြားကာ ၎င်းတောဟိန်းတောင် ဗျူဟာကုန်းမှာ ကဇုကိုင်းရွာ အထက် တောင်ပေါ်တွင် တည်ရှိခြင်းဖြစ်သည်။  

စွိချောင်းတောင်ဗျူဟာကုန်း၊ ကဇုကိုင်းတံတားနှင့် တောဟိန်းတောင်ဗျူဟာတို့အား ‌Satellite တွင်မြင်တွေ့ရစ်

စစ်​ကောင်စီတပ်သားအင်အား ၂၀၀ ခန့်ရှိသည့် စွိချောင်းတောင်ဗျူဟာကုန်းကို AA က ဧပြီလ ၂၇ ရက်နေ့က သိမ်းပိုက်ပြီးနောက် တောဟိန်းတောင်ဗျူဟာကို ဆက်လက် တိုက်ခိုက်နေကြောင်း စွေ့ချောင်းရွာမှ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စွိချောင်းတောင်ဗျူဟာကုန်းကို AA ကသိမ်းတာပါ။ စစ်ကောင်စီတပ်သား ၁၅၀ လောက်သေသွားပါတယ်။ အလောင်းတွေကတော့ ဒီအတိုင်း ချောင်းမှာရော့ ရွာထဲမှာပါ ပုတ်ပွနေပါတယ်။ အလောင်းတွေပုံနေတယ်။ တိုက်ပွဲက ရှိနေသေးတော့ ကောက်မယ့်သူလည်းမရှိဘူး” ဟု ဆိုသည်။

ဒါးလက်ချောင်း၊ ကုဇုကိုင်းတံတားနှင့် စွိ‌ချောင်းရွာအား တွေ့ရစ်

ထို့အပြင် စွိချောင်းရွာမှ ရွာစောင့်ရန် ကျန်နေခဲ့သည့် ရွာသား ၁၂ ဦးခန့်တွင် ၁၀ ဦးခန့်မျှ တောဟိန်းတောင်ဗျူဟာမှ ပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီက ကဇုကိုင်းတံတားကို မိုင်းဖောက်ခွဲ၍လည်းကောင်း၊ လေကြောင်းတိုက်ခိုက်၍လည်းကောင်း တိုက်ခိုက် ဖျက်ဆီး၍ ပျက်စီးသွားပြီဟုလည်း ထွက်ပြေးလွတ်မြောက်လာသည့် ကဇုကိုင်းမှ စစ်ဘေးရှောင်များက ပြောသည်။

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ၂၅ မိုင်ခန့်သာဝေးသည့် စွိချောင်းတောင်ဗျူဟာကုန်းနှင့် တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်က မတ်လ ၂၄-၂၅ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ကဇုကိုင်း၊ စွိချောင်းနှင့် အနီးအနားကျေးရွာများမှ ပြည်သူများအားလုံးမှာ စစ်ဘေးရှောင်နေကြရသည့်အပြင် ယင်းရွာများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးများ ဖြတ်တောက်ခံထားရသည်။

ထို့အပြင် ဧပြီ ၂၈ ရက်နေ့က အမ်းမြို့ နပခအနီး ၃၇၃ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မဲလက်မောင်းရွာမှ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်အချို့ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

တောင်ဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီဟု AB News မှဖော်ပြခဲ့သည်မှာ သတင်းအမှားဖြစ်ပြီး အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်မှာ စစ်ကောင်စီ၏ စွိချောင်းတောင် ဗျူဟာကုန်းသာဖြစ်ကြောင်း ဒေသခံစစ်ဘေးရှောင်များ၏ အသံဖြင့် အတည်ပြုလိုက်သည်။

၎င်းစွိချောင်းတောင် ဗျူဟာကုန်းအား သိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ အာရက္ခတပ်တော် AA မှ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။

အာရက္ခတပ်တော်သည် တောဟိန်းတောင်ဗျူဟာကို ဆက်လက် တိုက်ခိုက်လျက်ရှိပြီး ၂ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ