Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ် မင်းတက်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေသည့် ၁၂ တန်း ကျောင်းသား ၁ ဦးသေဆုံးပြီ ၅ ဦးဒဏ်ရာရ
သေဆုံးသွားသော စစ်ဘေးရှောင်နေသည့် ၁၂ တန်းကျောင်းသားမှာ တပ်တောင်မြို့ အမှတ် ၁ ရပ်ကွက်မှ အဖ ဦးကျန်တင်၏သား အသက် ၁၈ နှစ်အရွယ် မောင်အောင်သူရဖြိုး

ရက္ခိုင်ပြည် အမ်းမြို့နယ် တပ်တောင်မြို့နှင့် ၃ မိုင်ခန့်ဝေးသည့် မင်းတက်ရွာအား အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုရွာတွင် စစ်ဘေးရှောင်နေသည့် ၁၂ တန်းကျောင်းသား ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရခဲ့ကြောင်း ရွာသားများ အတည်ပြုပြောကြားချက်အရ သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့ မေလ ၄ ရက် နေ့လည် ၂ နာရီခန့်က မင်းတက်ကျေးရွာကို Jet Fighter ဖြင့် ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့ရာ တန်းတင်ရွာနှင့် မင်းတက်ရွာကြား ပေါင်းကူး ထိုးထားသည့် ဗေလီတံတား အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်ဘေးရှောင်နေသည့် ၁၂ တန်းကျောင်းသားမှာ တပ်တောင်မြို့ အမှတ် ၁ ရပ်ကွက်မှ အဖ ဦးကျန်တင်၏သား အသက် ၁၈ နှစ်အရွယ် မောင်အောင်သူရဖြိုးဖြစ်ပြီး ၎င်း၏ ဘယ်ဖက်မျက်လုံးကို ဗုံးစ ထိမှန်ကာ နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု မင်းတက်ရွာမှ အမည်မဖော်လိုသည့် ရွာလူကြီး တစ်ဦးက AB News သို့ပြောသည်။

“အဲဒီတံတားအနားမှာ သူတို့တွေ လမ်းလျှောက်နေကြတာပါ။ စစ်ဘေးရှောင် ၅ ယောက်မှာ တပ်တောင်က ကျောင်းသား ၁ ယောက် သေဆုံးသွားပါတယ်။ ဘယ်ဘက်မျက်လုံးမှာ ထိသွားတာ။ ရွာသားတစ်ယောက်လည်း ဒဏ်ရာ ပြင်းပါတယ်” ဟု ပြောသည်။

ဒဏ်ရာရရှိခဲ့သူများမှ မင်းတက်ရွာမှ အဖ ဦးလှကျော့အောင်၏သား အသက် ၄၄ နှစ်အရွယ် ဦးအောင်တင်မောင်၊ ၎င်း၏ ဘယ်ဖက်ခြေတွင် ဗုံးစထိမှန်ကာ ဒဏ်ရာ ပြင်းထန်ရှိခဲ့ပြီး ဓာတ်တော်ရွာမှ အဖ ဦးင/ကြောင်၏သမီး အသက် ၁၄ နှစ်အရွယ် မအေးမြင့်၊ မဲကမ်းထောင်ရွာမှ အဖ ဦးမောင်မြင့်သန်း၏သား အသက် ၁၆ နှစ်အရွယ် မောင်ဘုန်းမြင့်‌ဇော်၊ အဖဦးမြဝင်း၏သား အသက် ၂၀ နှစ်အရွယ် မောင်သက်ပိုင်စိုးနှင့် အဖ ဦးကျော်သန်း၏သား အသက် ၂၀ နှစ်အရွယ် မောင်သားသား တို့ဖြစ်ကြသည်။

တိုက်ပွဲပြင်းထန်နေသည့် စစ်ကောင်စီ၏ အမ်းမြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မင်းတက်ရွာမှာ ၂၈ မိုင်ခန့်ဝေးပြီး ထိုရွာအနီးတွင် တစ်စုံတစ်ရာသော တိုက်ပွဲ ဖြစ်ပွားခြင်းမှ မရှိဟု ရွာသားများက ပြောသည်။

အမ်းမြို့နယ် တပ်တောင်မြို့အပါအဝင် အနီးနားရှိ ကျေးရွာများအား အကြမ်းဖက် စစ်ကောင်စီအဖွဲ့က မကြာ မကြာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်တောင်မြို့နှင့် အနီးရွာများမှ အပြစ်မဲ့ပြည်သူများမှာ မင်းတက်ကျေးရွာဖက်သို့ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်ဟု သိရသည်။

အမ်းမြို့နယ် ကဇုကိုင်းအနီး တောဟိန်းတောင်ဗျူဟာနှင့် နပခ တို့မှာ အာရက္ခတပ်တော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခံနေရပြီး အကြမ်းဖက် စစ်ကောင်စီသည် စစ်ဖက်နှင့် မသက်ဆိုင်သည့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်ခြင်း၊ မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ