AB News – ဒီဇင်ဘာ ၂၁၊ ၂၀၂၄
အာရက္ခတပ်တော် သိမ်းပိုက်ရရှိခဲ့သည့် အမ်းမြို့နယ်အတွင်းမှ စစ်ရှောင်ပြည်သူများမှာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO)မှ ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာများ ၊ကျန်းမာ ရေးစောင့်ရှောက်မှုများ၊ အမိုးအကာများ၊အိုးခွက်ပန်းကန်စသော မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ မိခင်နှင့်ကလေးများအတွက် အာဟာရများ၊ခြင်ထောင်များ အပြင် ဆောင်းရာသီတွင်း ဖြစ်သဖြင့် အနွေးထည်များလည်း အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း သိရှိရသည်။
လက်ရှိတွင် အမ်းမြို့နယ်မှ စစ်ရှောင်ပြည်သူများမှာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း အမ်းမြို့နယ်ဒေသခံ စစ်ရှောင်များက AB News သို့ ပြောသည်။
” တိုက်ပွဲတွေ ဖြစ်တာလည်း ကြာပြီဆိုတော့ ဒီက ဒေသခံတွေ ဘာမှ လုပ်ကိုင်စားသောက်လို့ မရကြဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီလ အတွင်းမှာ တိုက်ပွဲတွေက အတော့်ကို ပြင်းထန်ခဲ့တာကြောင့် အပြင်တောင် ထွက်လို့ မရဘူး။ ကျနော်တို့ အပါအဝင် အခြားစစ်ရှောင်တွေလည်း အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်” ဟု ဆိုသည်။
တချို့ စစ်ရှောင်ပြည်သူများမှာ နေရာ အတည်တကျမရှိဘဲ မြီကွက်လပ်များတွင် ယာယီတဲထိုး၍ စစ်ရှောင်လျက်ရှိပြီး ၎င်းတို့အတွက် အမိုးအကာများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။
အမ်းမြို့နယ်အတွင်း အာရက္ခတပ်တော်နှင့် မြန်မာစစ်ကောင်စီတို့အကြား ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းမှ စတင်၍ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ရာ ၂၀၂၄ ခု နှစ်ကုန်ခါနီးတွင် တိုက်ပွဲ အရှိန်အမြင့်ဆုံးရောက်ရှိလာပြီး စစ်ရှောင်ပြည်သူများမှာ သောင်းချီတိုးလာကာ အကူညီလိုအပ်ချက်များစွာဖြင့် ယာယီစစ်ရှောင်နေကြရသည်။
ထို့အပြင် အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇမ်ဘာလ ၅ ရက်နေ့အထိ ပြည်သူစုစုပေါင်း သေဆုံးသူ ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၆ ဦးထိ ရှိခဲ့ပြီး သေဆုံးသူမိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း အကူညီအထောက်အပံ့များ လိုအပ်လျက်ရှိသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမ်းမြို့နယ် တစ်ခုလုံးကို အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည်။