Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်ရှိ မင်းတက်ကျေးရွာကို စစ်ကောင်စီအဖွဲ့ ဗုံးကြဲတိုက်ခိုက်၊ ရွာသား ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်ရှိ တပ်တောင်မြို့အနီး မင်းတက်ကျေးရွာကို စစ်ကောင်စီအဖွဲ့က ယနေ့ မေလ ၄ရက် နေ့လယ် ၂ နာရီခန့်အချိန်တွင်  Jet Fighter ၁စီးဖြင့် လာရောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

“ဒီနေ့ နေ့လယ် ၂နာရီခန့် အချိန်မှာ ဗုံးကြဲခဲ့တာပါ။ ရွာထဲကို ဗုံး ၂လုံး ကြဲချခဲ့ပါတယ်။ ရွာသားတွေလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကြားရသလောက်တော့ ၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၂၀ ကျော် အရွယ်ရှိ အမျိုးသမီး ၁ဦးအပါအဝင် ၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ၁ဦးက AB News သို့ ပြောသည်။

“ဒဏ်ရာရရှိတာတော့ ၄ ဦးထက် များတယ်လို့ သိရတယ်။ အခု ကျနော်တို့ သိရတာတော့ အမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ဒဏ်ရာရထားတဲ့ အမျိုးသမီးဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ပြောနေကြပါတယ်” ဟု ဆိုသည်။

ထို့အပြင် မင်းတက်ရွာတွင် စစ်ကောင်စီအဖွဲ့ ကြဲချပစ်ခတ်ခဲ့သည့် ဗုံးပေါက်ကွဲပြီး လူနေအိမ်များလည်း ပျက်စီးခဲ့ရသည်။

စစ်ကောင်စီအဖွဲ့မှ ထပ်မံကာ ဗုံးကြဲတိုက်ခိုက်လာမည်ကို စိုးရိမ်၍ မင်းတက်ကျေးရွာမှ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စွိချောင်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော်က ဧပြီ ၂၇ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အတူ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့သည့် သတင်းများ ထွက်ပေါ်နေသော်လည်း အာရက္ခတပ်တော်က အဆိုပါစခန်းအား သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းထုတ်ပြန်ထားသည်ကို မတွေ့ရှိရသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ