Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲ ရွှေလှေတံတားအနီးတွင် နှစ်ဖက် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ရေတပ်က ဆက်တိုက် ပစ်ကူပေးနေ

ရက္ခိုင်ပြည်၊ သံတွဲ ရွှေလှေ တံတားဦးအနီးတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲ ပြင်းထန်လျက်ရှိနေပြီး၊ စစ်ကောင်စီဖက်မှ ရေတပ်နေဗီများဖြင့် ဆက်တိုက် ပစ်ကူပေးလျက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ယနေ့ နံနက် ၆ နာရီအချိန်တွင် ရွှေလှေတံတားဦးအနီး၌ အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား ၂ ဖက်စစ်ရေးပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“မနက်အာရုံလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားရတယ်။ ရွှေလှေတံတားဦးအနီးမှာ ဖြစ်နေကြတာပါ။ တိုက်ပွဲက ပြင်းထန်နေတယ်” ဟု ဆိုသည်။

တိုက်ပွဲဖြစ်နေသည့် နေရာသို့ စစ်ကောင်စီ၏ ငပလီနှင့် မောင်ရွှေလေး ရေတပ်ဖက်များမှလည်း လက်နက်ကြီးပစ်ကူပေးလျက်ရှိသည်ကို ကြားရကြောင်း ဒေသခံအမျိုးသား တစ်ဦးက AB News သို့ပြောသည်။

“မနက်ကတည်းက တဂျိမ်းဂျိမ်းနဲ့ ပစ်နေတာပါ။ ငပလီဖက်ကလည်း ပစ်တယ်၊ မောင်ရွှေလေး ‌ရေတပ်ဖက်ကပါ ပစ်ကူပေးနေတာကြားရပါတယ်။ တိုက်ပွဲက အရမ်းပြင်းတယ်လို့ ထင်ပါတယ်” ဟုဆိုသည်။

ယခုရက်ပိုင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း  ဒဏ်ရာပြင်းထန်ရရှိထားသည့် စစ်ကောင်စီတပ်သား ၆ ဦးကို သံတွဲဆေးရုံတွင် ဆေးကုသနေရာမှ ရန်ကုန်သို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက် နံနက်ပိုင်းက စတင်ပြီး သံတွဲ-တောင်ကုတ်ကားလမ်း ပုရစ်ရွာနှင့် ရေကောက်ရွာ အနီးတွင် ၂ ဖက်တိုက်ပွဲစတင်၍ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

လက်ရှိတိုက်ပွဲ ဖြစ်ပွားရာနေရာအနီးအနားရှိရွာများမှ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ဘူးသီးတောင်၊ မောင်တော၊ အမ်း ဖက်ရှိ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ