Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲ – တောင်ကုတ်ကြားတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံး

( ခမောင်းတုန်းမြစ် စစ်ကောင်စီနေဗီက မီးကုန် ယမ်းကုန်ပစ်ခတ်)

ရက္ခိုင်ပြည်၊ သံတွဲ-တောင်ကုတ်ကြားတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးသွားပြီး ခမောင်းတုန်းမြစ်ရှိ စစ်ကောင်စီနေဗီမှ မီးကုန် ယမ်းကုန်ပစ်ခတ် နေကြောင်း သိရသည်။

အာရက္ခတပ်တော်သည် ယနေ့ ဧပြီလ ၂၂ ရက် နံနက်ပိုင်းတွင် သံတွဲ-တောင်ကုတ်ကြား ပုရစ်ရေကောက်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ၄၀ ကျော်သေဆုံးခဲ့ကြောင်းဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” ပုရစ်ရေကောက်ရွာနားမှာ တိုက်ပွဲကပြင်းနေတယ်။ AA ကလည်းစစ်ကောင်စီတပ်သားတွေကို အပြတ်တိုက်နေတယ်။ ၄၀ ကျော်သေသွားပြီ။ အေအေဖက်ကလည်း တစ်ယောက် နှစ်ယောက်လောက် ကျတာရှိတယ်၊ အခုလည်း ဖြစ်နေတုန်းပဲ” ဟု ဆိုသည်။

တိုက်ပွဲ ပြင်းထန်နေသည့်အတွက် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီဖက်မှ အကျအဆုံးများသည့်အတွက် ဂျက်တိုက်လေယာဥ် နှင့် ရေတပ်နေဗီများမှ လက်နက်ကြီးဖြင့် တရစပ် ပစ်ခတ်နေကြောင်း ၎င်းကဆက်ပြောသည်။

” စစ်ကောင်စီကအကျအဆုံးများပါတယ်။ ဂျက်နဲ့လာပစ်တယ်။ ၅ ကြိမ်ထိရှိသွားပြီ၊ နေဗီကလည်း မီးကုန် ယမ်းကုန်ပစ်ခတ်နေတယ်” ဟုဆိုသည်။

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် ပုရစ်ရေကောက်ရွာဆိုင်းဘုတ်အနီးတွင်  ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်အလုံးများမှာ ရွာပတ်ပတ်လည်တွင် ကျရောက် ပေါက်ကွဲမှုရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ခမောင်းတုန်းမြစ်တွင် ကျောက်ချရပ်နားထားသည့် စစ်ကောင်စီ၏ နေဗီမှ  ယနေ့ ၁ နာရီ ၂၀ မိနစ်အထိပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံကဆက်ပြောသည်။

လက်ရှိအချိန်ထိ ၂ ဖက်တိုက်ပွဲပြင်းထန်နေပြီး အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးမှု ရှိ/မရှိကို AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက် နေ့လည် ၁၂ နာရီကျော်တွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာသုံးပြီး ပေါင် ၅၀၀ ဗုံးများဖြင့် ကွေ့ချောင်းရွာ နှင့် ရှင်စောပြင်ရွာများဖက်သို့ ဗုံး ၈ လုံးထိ ကြဲချခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ