Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲ-တောင်ကုတ်ကားလမ်းမ၌ ခရီးသည်တင်ယာဥ် ၁စီးကို စစ်ကောင်စီအဖွဲ့ ပစ်ခတ်မှုကြောင့် ကားဒရိုင်ဘာ ပွဲချင်းပြီးသေဆုံး၊ ဒေသခံပြည်သူ ၂ဦး ပြင်းထန်ဒဏ်ရာရ

သံတွဲ-တောင်ကုတ်ကားလမ်းမ၌ ခရီးသည်တင်ယာဥ် ၁စီးကို စစ်ကောင်စီအဖွဲ့က ပစ်ခတ်မှုကြောင့် ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁နာရီခန့်အချိန်က  ကားဒရိုင်ဘာ ၁ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ခရီးသည်အမျိုးသမီး ၁ဦးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူ ၁ဦးတို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

“သံတွဲမြို့နယ်၊ ရွှေလှေရွာအနီးက တံတားဦးဂိတ်အနီးမှာ ခရီးသည်တင်ကား ပစ်ခတ်ခံခဲ့ရတာပါ။ သွားနေတဲ့ ကားကို စစ်ကောင်စီတပ်သားတွေက ဝိုင်းဝန်းပစ်ခတ်ခဲ့တာပါ။ ကားဒရိုင်ဘာတော့ ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ခရီးသည်အမျိုးသမီး ဒဏ်ရာရခဲ့သလို သုံးဘီးဆိုင်ကယ်နဲ့ ငါးရောင်းနေတဲ့ တစ်ယောက်လည်း ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူမှာ ကားဒရိုင်ဘာ ကိုစိုးသူ ဖြစ်ပြီး ခရီးသည်  EPC ဝန်ထမ်းအမျိုးသမီး ၁ဦးနှင့် သုံးဘီးဆိုင်ကယ်ဖြင့် ငါးရောင်းနေသူ အမျိုးသား ၁ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိသည်။

ဒဏ်ရာရရှိသူ ၂ဦးအား တောင်ကုတ်မြို့ဆေးရုံသို့ ပို့ဆောင်ပြီး အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ယမန်နေ့ညနေ ၄နာရီအချိန်ခန့်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် သံတွဲ-တောင်ကုတ်လမ်းမရှိ ဂိတ်အားလုံးကို  ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက် နံနက်ပိုင်းတွင် သံတွဲ-တောင်ကုတ်ကြား ပုရစ်ရေကောက်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

သံတွဲ
သံတွဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ