
AB News – သြဂုတ် ၅၊ ၂၀၂၅
မျိုးဟိန်း
အာရက္ခတပ်တော်၏ ဒုတိယစစ်ဦးချုပ်လည်းဖြစ်၊ ကဗျာဆရာတစ်ဦးလည်း ဖြစ်သည့် ဒေါက်တာညိုထွန်းအောင်၏ “သူပုန်ဖြူ” ကဗျာစာအုပ်ကို ယမန်နေ့ လေလံတင်အမြင့်ဆုံးစျေး အမေရိကန်ဒေါ်လာ ၄ သောင်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင် မှ ပြောသည်။
ယမန်နေ့ နေ့လည် ၂ နာရီကျော်အချိန်တွင် ဒေါက်တာညိုထွန်းအောင်မှ ၎င်း၏ “သူပုန်ဖြူ” စာအုပ်ကို သူကိုယ်တိုင် ဖေ့စ်ဘုတ်ခ် လူမှုကွန်ရက် စာမျက်နှာမှ live လွှင့်ရောင်းချခဲ့သည်။
ထိုအပြင် ၀၁၁၀၉ စာအုပ်ကို ကဗျာချစ်သူတစ်ဦးမှ အမေရိကန်ဒေါ်လာ ၄ သောင်းအထိ စျေးအမြင့်ဆုံး ပေးကာ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
ဒေါက်တာညိုက ” ကျနော်တို့ ဒီနေ့ အမြင့်ဆုံးစျေးဒေါ်လာ ၄ သောင်းနဲ့ လေလံတင်တာကို အဆုံးသတ်လိုက်ပါပြီ။ လေလံပွဲကို ဦးဆောင်သွားသူကတော့ ကျနော်တို့ရဲ့စာအုပ်ပိုင်ရှင် ၀၁၁၀၉ စာအုပ်ကို လေလံအောင်သွားပါပြီ” ဆိုသည်။
အမြင့်ဆုံးစျေးပေးဝယ်သော ၀၁၁၀၉ စာအုပ်ပိုင်ရှင်သည် စာအုပ်နှင့်အတူ အခြားသောအခွင့်အရေး ၁၀ ခုထက်မနည်း ရရှိမည်ဟု သိရသည်။
ထို့အပြင် ဒေါက်တာညို၏ ပတ္တမြားကျောက်စီပုံတူပန်းချီကားကားတစ်ချပ်ကို လက်ဆောင်ရမှာဖြစ်ပြီး ရက္ခိုင်အပြည်အနှံ့ နာမည်ကြီး၊ ကျော်ကြားသည့် နေရာအချို့ကို လိုက်ပို့ပေးမည်ဟု သူက ထပ်လောင်း ပြောသည်။
”သူပုန်ဖြူ” ကဗျာစာအုပ်သည် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် တော်လှန်ရေးလောကထဲကို ရောက်လာကြသည့် တော်လှန်ရေးကဗျာဆရာ၊ ဆေးပညာအသိုင်းအဝိုင်း၊ အနုပညာရှင်များနှင့် ခံစားချက်များကို ပြောဆိုခဲ့ရာမှ ရေးဖြစ်ခဲ့သည့် ကဗျာစာအုပ်ဖြစ်ကြောင်း သိရသည်။
Photo – သူပုန်ဖြူ Team