AB News- နိုဝင်ဘာ ၃၊ ၂၀၂၅
ဒေဝီ
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးတွင် အောက်တိုဘာလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပြင်းထန်သောတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းပမာဏအများအပြားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်ပေါင်းစုများက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိခဲ့သည့် ခဲယမ်းများမှာ စကမ၏ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၉ တပ်ရင်းမှ စွန့်ပစ်သွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ အထိနာခဲ့ကာ ကျဆုံးတပ်သားများကိုပင် ပြန်လည်သယ်ဆောင်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
စစ်ကော်မရှင်တပ်များ ရသေ့ဂူဘက်မှ တက်လာချိန် KNLA ပူးပေါင်းတပ်များနှင့် အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စကမ တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး လေးကေ့ကော်ဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ လက်နက်ကြီးပစ်ကူမှုများ အဆက်မပြတ်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
ထို့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့က တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဖူးကြီးကျေးရွာအနီးရှိ တရုတ်မီးပန်းဂိုထောင်တစ်ခုပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။


