AB News – ဒီဇင်ဘာ ၁၆၊ ၂၀၂၅
Dewi
မြန်မာနိုင်ငံတဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူများကို လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် လေတပ်ကို အဆင့်မြှင့်တင်ပြီး နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပြီဟု ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပပြုလုပ်သည့် တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု ၇၈ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင် ပြောဆိုခဲ့သည်။
ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့၊ နေပြည်တော် လေတပ်စခန်းဌာနချုပ်၌ ကျင်းပသော အဆိုပါအခမ်းအနား၌ မင်းအောင်လှိုင်က “တပ်မတော် (လေ) ကို ခေတ်မီပြီး စွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာတဲ့ လေတပ်တစ်ခုအဖြစ် အဆင့်ဆင့် တည်ဆောက်ပေးလျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းအပြင် “လက်ရှိဆင်နွှဲနေတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်မှုတွေမှာ တပ်မတော် (လေ) အနေနဲ့ နိုင်ငံအနှံ့ ပျံသန်း စစ်ဆင်မှုတွေ ထိထိရောက်ရောက် ဆောင်ရွက်ကာ အထောက်အကူပြုနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်” ဟုလည်း ထပ်မံပြောကြားခဲ့သည်။
ဒီဇင်ဘာလ ပထမအပတ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂၀ ဦး နီးပါးသေဆုံးခဲ့ရသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်ကာ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်ဖြူ၊ ဂွ မြို့နယ်တို့ကို လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၄၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရကာ အပြစ်မဲ့ အရပ်သားပြည်သူများဖြစ်သည့် လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများ သတ်ဖြတ်ခံရသည့်အပေါ် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုကျူးလွန်မှုကို ပြင်းထတ်စွာ ကန့်ကွက် ရှုတ်ချထားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့်လည်း အဆိုပါဖြစ်စဥ်နှင့် ပါဝင်ပတ်သတ်နေသူများကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၅ နှစ် တာ ကာလအတောအတွင်း နိုင်ငံတစ်ဝန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၉၁ မှုကို စစ်ကော်မရှင်တပ် ကျူးလွန်ခဲ့ပြီး အများစုမှာ လေကြောင်းတိုက်ခိုက် သတ်ဖြတ်မှုများဖြစ်ကြောင်း ISP-Myanmar က ထုတ်ပြန်ထားသည်။


