AB News-နိုဝင်ဘာ ၁၇၊၂၀၂၅
နွယ်စိုး
လူသားမျိးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအပါအဝင် နောက်ထပ် အရာရှိဟောင်း တစ်ဦးကို ICT ခုံရုံးက ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော်ပြသည်။
၎င်းတို့သည် ၂၀၂၄ ခုနှစ် ဇူလိုင်လမှ သြဂုတ်လအထိ ကျောင်းသားအုံကြွမှုကို ပြင်းထန်စွာ နှိမ်နင်းရာတွင် အမိန့်ပေးခိုင်းစေမှုနှင့် လူသေဆုံးမှု ဖြစ်ပေါ်စေမှုအတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။
ရာထူးမှ ဖြုတ်ချခံထားရသော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း အာဆာဒူဇာမန်ခန်း ကမယ်လ်တို့ကို သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ် သည်။
ယင်းအပြင် IGP ရဲချုပ်ဟောင်း ချောင်ဒူရီ အဗ္ဗဒူလာ အယ်လ်-မာမွန် ကိုလည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ပြည်တွင်း နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICT ၌ လပေါင်းများစွာကြာ တရားစွဲဆိုမှုများအပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းတစ်ဦးအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့် ပထမဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။
ခေါင်းဆောင်သုံးဦးသည် လုံခြုံရေးတပ်ဖွဲ့များနှင့် အာဏာရပါတီ လှုပ်ရှားသူများ၏ သတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ ပျောက်ဆုံးမှုများနှင့် မီးရှို့မှုများအပေါ် အမိန့်ပေးတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း ခုံရုံးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဟာစီနာသည် ရဟတ်ယာဉ်များ၊ ဒရုန်းများနှင့် သေစေနိုင်သော လက်နက်ပစ္စည်းများအား အသုံးပြုရန် အမိန့်ပေးခဲ့ပြီး အင်အားသုံး ဖြိုခွင်းရန် အပါအဝင် စနစ်တကျ အကြမ်းဖက်မှုအတွက် လမ်းခင်းပေးခဲ့သည်ဟု တရားစွဲဆိုသူများမှ သက်သေပြနိုင်ခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အာဏာရယူထားသော ယူနွတ်ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့သည် အစွန်းရောက် အကြမ်းဖက်အုပ်စုများအား အခိုင်အမာလက်ခံထားကြောင်း ပြည်ပတွင်ခိုလှုံနေရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ချိတ်ဟာဆီနာက India Today သတင်းစာနှင့်သီးသန့်အင်တာဗျူးတွင် ပြောကြားထားသည်။


