
AB News-ဇူလိုင် ၁၆၊ ၂၀၂၅
စစ်ကောင်စီမှ ၎င်းတို့လက်လွှတ်ဆုံးရှုံးခံထားရသည့်တပ်စခန်းများကို ပြည်လည် တိုက်ခိုက်သိမ်းပိုက်ရန် အပြင်းအထန်ကြိုးစားနေကြောင်း အာရက္ခတပ်တော်(ULA/AA)မှ ယမန်နေ့ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်ကို တွေ့ရသည်။
ထုတ်ပြန်ချက်တွင် “ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်၏ နေရာအနှံတွင် စစ်ရှုံးကာ စခန်းပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်းပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။” ဟု ပါရှိသည်။
မြန်မာပြည်အနှံ့ စစ်ရှုံးနေသည့် စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးထားသည့် တပ်စခန်းများပြန်လည်ရရှိရန် စစ်မှုထမ်းဥပဒေကို အသုံးချနေကြောင်းလည်း ပြောသည်။
“စစ်မှုမထမ်းမနေရ ဥပဒေအား ခုတုံးလုပ်ကာ အတင်းအဓမ္မစစ်သားစုဆောင်းနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်၏ စုဆောင်းခြင်းကိုခံခဲ့ရသော မြန်မာပြည်အနှံ့အပြားမှ လူငယ်များသည် တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို အသီးသီး ပို့ဆောင်ခြင်းကိုခံရကာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းသည့်ကိစ္စရပ် နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေးကိစ္စရပ်များတွင် မိမိ၏ စိတ်သဘောဆန္ဒမပါဘဲ အစတေးခံ၊ အဖြည့်ခံများအဖြစ် ပါဝင်လျက်ရှိကြသည်။” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်ပြင်ပဖြစ်သော မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းတို့တွင် ဒေသခံတော်လှန်ရေးတပ်များနှင့်အတူ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် ရက္ခိုင်ပြည်တွင်းရှိ ကျောက်ဖြူ၊ စစ်တွေမြို့တို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေကြောင်းလည်း သိရသည်။
အာရက္ခတပ်တော်သည် ပလက်ဝဒေသအပါအဝင် ရက္ခိုင်မှ မြို့နယ် ၁၅ ခုကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်းရေးစသည့် ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကိုလည်းတွေ့ရသည်။