AB News – သြဂုတ် ၉၊ ၂၀၂၅
နွယ်စိုး
စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ဒေါ်လာ ၃ သန်းဖြင့် ငှားရမ်းထားသည်ဟု Justice For Myanmar JFM က သြဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန် လော်ဘီအဖွဲ့ DCI Groupတို့ သည် ဇူလိုင်လ ၃၁ ရက်က စတင်အသက်ဝင်မည့် စာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ခသည်ဟု Justice For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာချုပ်အတွင်း စစ်အုပ်စုမှ လော်ဘီအဖွဲ့ ငှားရမ်းကြေး တစ်နှစ်ဒေါ်လာ သုံးသန်းပေးရမည်ဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စုဘက်က ဒေါ်လာ တစ်သန်းခွဲပေးချေထားပြီးဖြစ်ကြောင်း JFM က ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာစစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှုရရှိရေး ကြိုးပမ်းသော အနေဖြင့် ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်နိုင်ဖို့နှင့် ပုံရိပ်ကောင်းရရှိအောင် ခဝါချရန်အတွက် DCI Group ကို ငှားရမ်းခဲ့ကြောင်း ဆိုထားသည်။
ပထမအရစ်ကျ ငွေပေးချေမှုအဖြစ် အမေရိကန်ဒေါ်လာ ၁ဒသမ ၅ သန်းကို စစ်အုပ်စုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အား ဖျက်သိမ်းပြီး “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” ဟု အမည်ပြောင်းလဲခဲ့သောနေ့ ဇူလိုင် ၃၁ ရက်တွင် ပေးချေခဲ့ကြောင်း သိရသည်။
စစ်အုပ်စုနှင့် DCI လော်ဘီ Group တို့၏ စာချုပ်ထဲမှာ “ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်းစာနာမှုအကူအညီ” ဆိုင်ရာများမှာ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ဖြစ်ကြောင်း ဆိုသည်။
အဆိုပါစာချုပ်ကို DCI Group ၏ စီမံခန့်ခွဲမှုမိတ်ဖက် Justin Peterson နှင့် စစ်အုပ်စု၏ အမြဲတမ်းအတွင်းဝန် ဝင်းကျော်အောင် ကိုယ်စားပြုသည့် ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားကိုယ်စားလှယ် မှတ်ပုံတင်ရေး ဥပဒေစာရွက်စာတမ်းများတွင် DCI Groupနှင့် အဓိက ထိတွေ့ ဆက်ဆံမည့်သူအနေဖြင့် စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်း အတွင်းဝန် မြင့်ကျော် ကို စာရင်းသွင်းထားသည်။
မြင့်ကျော်သည့် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး “ပြန်ကြားရေးအဖွဲ့” တွင်လည်း အတွင်းရေးမှူး ဖြစ်ကြောင်း သိရသည်။
DCI Group သည် ၂၀၀၂ ခုနှစ်ကလည်း ယခင်မြန်မာစစ်အုပ်စုနှင့် စာချုပ်တစ်ရပ် ရှိခဲ့ပြီး စစ်အုပ်စု၏ ပုံရိပ်ကို ခဝါချသန့်စင်ရေးနှင့် “နိုင်ငံရေးရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး” လမ်းကြောင်းကို တွန်းတင်ရေးတို့ အတွက် အမေရိကန်အစိုးရအား လော်ဘီလုပ်ပေးခဲ့ကြောင်းဆိုသည်။
စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူများအပေါ် စစ်အုပ်စုကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် သတင်းမှားများနှင့် အမုန်းစကားများကို ထုတ်လုပ်ဖြန့်ချီရာတွင် ပါဝင်ပတ်သက်ဆောင်ရွက်သည်။
စစ်အုပ်စုအတွက် အားပေးကူညီသူအဖြစ် ထမ်းဆောင်ရန် ရွေးချယ်လိုက်သော DCI Group ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချကြောင်းလည်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့် ရေးအဖွဲ့ Justice For Myanmar က ထုတ်ပြန်ထားသည်။

