AB News – နိုဝင်ဘာ ၁၇၊ ၂၀၂၅
မောင်လိုကီ
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာနှင့် နွားတင်းကုပ်ကျေးရွာကို စစ်ကော်မရှင်လေတပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
ဘာထလေကျေးရွာနှင့် နွားတင်းကုပ်ကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ဂျက်လေယာဉ် ၂စီးက ရောကတ် ၂လုံးဖြင့် ရှေ့ဆင့်နောက်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဘာထလေကျေးရွာအနီးရှိ မြစ်ချောင်းအတွင်း သွားလာနေသည့် အရပ်သားပြည်သူ ၃ဦးသေဆုံးပြီး၊ ၄ဦး ဒဏ်ရာရခဲ့ကာ နွားတင်းကုပ်ကျေးရွာနေ အရပ်သား ၂ဦးသေဆုံးပြီး၊ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
၎င်းပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သားနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ပြီး၊ ဘာထလေမြစ်ချောင်းကမ်းဘေးရှိ စက်လှေ ၅စီးတို့လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
စစ်ကော်မရှင်က ရှမ်းမြောက်ဘက်တွင် TNLA နှင့် အပစ်ရပ်ဆဲပြီးနောက် အောက်တိုဘာလ ၂၉ရက်မှစ၍ ရက္ခိုင်ဒေသကို စစ်မျက်နှာဖွင့်ပြီး လေကြောင်းတိုက်မှုများ အဆက်မပြတ် ပြုလုပ်လာမှုကြောင့် ဒေသခံအရပ်သားပြည်သူများသေဆုံးထိခိုက်မှုရှိလာနေသည်။
ပုံစာ – ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ရသေ့တောင်မြိုနယ်အတွင်း စကမလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ဒေသခံ ရုပ်အလောင်းများအား မြင်တွေ့ရစဉ်။(Photo – AA info Desk)

