AB News၊ သြဂုတ် ၄၊ ၂၀၂၅
ဒေဝီ
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကာမေစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ နှင့် နေအိမ်အမိုးအကာများ အရေးတကြီးလိုအပ်နေကြောင်း AB News က စုံစမ်းသိရသည်။
စစ်ကောင်စီ နှင့် အာရက္ခတပ်တော် (AA) တို့အကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကုန်းလမ်းရေလမ်းကုန်သွယ်မှုများကို ပိတ်ဆို့ထားသောကြောင့် ရက္ခိုင်တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည်။
ယင်းကြောင့် ဒေသခံများသာမက ကာမေစခန်းရှိ စစ်ဘေးရှောင် ၁,၀၈၂ ဦးမှာ စားဝတ်နေရေး ပိုမိုခက်ခဲလာကြသည်။
“စစ်ရှောင်လာတာ တစ်နှစ်ကျော်ရှိပြီ။ အစပိုင်းတုန်းကတော့ အဆင်ပြေခဲ့ပေမဲ့ အခုတော့ ကိုယ်နဲ့ပါလာတဲ့ ပစ္စည်းလေးတွေလည်း ကုန်ပါပြီ။ ကုန်ဈေးနှုန်းတွေကလဲ ရွှေဈေးထက် ဆိုးပါတယ်။ နေ့တိုင်းလိုလို တက်နေတာ။ အခုဆို အသားငါး မစားရတာတောင် ကြာလှပြီ။ ဆန်ကိုလည်း ချွေတာပြီး စားနေရတယ်။” ဟု စစ်တွေမှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။
စားဝတ်နေရေးအတွက်ပင် အနိုင်နိုင်ရုန်းကန်နေရသဖြင့် ကလေးများကို ကျောင်းထားပေးနိုင်ခြင်းမရှိတော့ဘဲ ပညာရေးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိ မိုးရာသီကာလဖြစ်သောကြောင့် ရက္ခိုင်ပြည်၏ နေရာအတော်များများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။ ကာမေ စစ်ဘေးရှောင်စခန်းမှပြည်သူများလည်း ရေကြီးမှုဒဏ်ကို ခံစားနေကြရသည်။
သံတွဲမှ စစ်ရှောင်လာသူတစ်ဦးက “မိုးက နေ့တိုင်းလိုလို ရွာနေတော့ ကျနော်တို့စခန်းမှာ ရေတွေမြုပ်နေပါပြီ။ သွားလာရေးရော၊ နေထိုင်ရေးရော အဆင်မပြေဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း မရတော့တာ ကြာပြီ။ စားဖို့ဆန်တောင် မရှိတော့တဲ့ သူတွေများနေပြီ။ ဒီကြားထဲ ရေကကြီးတော့ တစ်ပူပေါ် နှစ်ပူဆင့်တာပေါ့ဗျာ” ဟု ဆိုသည်။
မိုးရာသီဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် နေအိမ်အမိုးအကာများလည်း အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
စစ်ဘေးရှောင်တစ်ဦးက “အမိုးအကာတွေ လိုအပ်ပေမဲ့ အခုအချိန်မှာ စားနပ်ရိက္ခာကို ပိုပြီး လိုအပ်နေပါတယ်။ စားစရာမရှိတော့လို့ တောင်းစားနေရတဲ့သူတွေ များလာပြီ။ ကူညီနိုင်တဲ့သူတွေကို ဆန်လေးဖြစ်ဖြစ် ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်။” ဟု ဆိုသည်။
ကာမေစစ်ဘေးရှောင်စခန်းတွင် စစ်တွေ၊ ရသေ့တောင်၊ သံတွဲ စသည့် ဒေသများမှ စစ်ရှောင်လာသည့် အိမ်ထောင်စု ၂၆၁ စု၊ စစ်ဘေးရှောင်ဦးရေ ၁,၀၈၂ ဦး နေထိုင်လျက်ရှိသည်။

