Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် ရွာထဲ အိမ်ခြံဝင်းထဲ အမျိုးသမီး ၁ ဦး မိုင်းနင်းမိ၍ ‌ခြေထောက်တစ်ဖက်ပြတ်

AB News-ဇွန် ၂၄၊ ၂၀၂၄

နေအိမ်ခြံဝင်းထဲ မိုင်းနင်းမိ၍ ခြေတစ်ဖက် ဖြတ်တောက်သွားသည့် ရသေ့တောင်မြို့နယ် မညှင်းတောင်ရွာမှ မခင်ဆန်းနွယ်၏ ‌‌ခြေထောက်အားတွေ့ရစဥ်/AB News

ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ် မညှင်းတောင်ကျေးရွာတွင် အိမ်ခြံဝင်းထဲ၌ မိုင်းနင်းမိ၍ အမျိုးသမီး ၁ ဦး ခြေထောက် ၁ ဖက် လုံးဝ ပြတ်ထွက်သွားကာ၊ နောက်တစ်ဖက်တွင်လည်း ပြင်းထန်ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

မိုင်းနင်းမိသည့် အမျိုးသမီးမှာ မညှင်းတောင်ရွာမှ အဖ ဦးအောင်ဘသိန်း၏ သမီး အသက် ၂၈နှစ်အရွယ် မခင်ဆန်းနွယ်ဖြစ်ပြီး ၎င်း၏ ညာဖက်ခြေထောက်ဒူးအောက်ဖက်မှ ပြတ်ထွက်သွားပြီး ဘယ်ဖက်ခြေသလုံးတွင်လည်း မိုင်းစထိမှန် ပြင်းထန် ဒဏ်ရာရသွားသည်ဟု သိရသည်။

ထိုအမျိုးသမီးသည် ဇွန်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က ၎င်းတို့ နေအိမ်ရှိ ခြံဝင်းအတွင်း ဟင်းပင်များကို မြေဆွနေစဥ် မိုင်းကို နင်းမိခဲ့ခြင်း ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ၁ ဦးက ပြောသည်။

“ကိုယ့်ခြံထဲမှာပဲ ဟင်းပင်တွေကို ပေါင်းနှုတ်၊ မြေဆွနေရင်း မိုင်းကို နင်းမိတာပါ။ ရွာထဲမှာ မိုင်း‌ထောင်မယ်လို့ ဘယ်သူကထင်မှာလဲ။ တိုက်ပွဲဖြစ်တုန်းကတော့ ဒီရွာမှာ စစ်ကောင်စီက စခန်းချနေခဲ့တာ ရှိပါတယ်။ အဲဒီတုန်းက ရွာသားတွေ အကုန်လုံး စစ်ဘေးရှောင်နေခဲ့ရတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများ၊ လက်နက်ကိုင်တပ်ဖွဲ့များ စခန်းချခဲ့သည့် နေရာများနှင့် ရွာနီးစပ် တောတောင်များတွင် မိုင်းအမျိုးမျိုးရှိနိုင်သည့်အတွက် အသွားအလာ ဆင်ခြင်သင့်ပြီး နိုင်ငံတကာလူ့အဖွဲ့အစည်းများအနေဖြင့်လည်း မိုင်းရှင်းလင်းရေးနှင့် ပစ္စည်းကိရိယာများကို ကူညီထောက်ပံ့သည်။

ရက္ခိုင်တွင် စစ်ကောင်စီအား အာရက္ခတပ်တော်က ဆက်လက်ခြေမှုန်းနေရဆဲ ကာလဖြစ်ပြီး မိုင်းရှင်းလင်းမှုများကိုလည်း စနစ်တကျ လုပ်ကိုင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

သံတွဲနှင့် တောင်ကုတ်မြို့နယ်များတွင် အာရက္ခတပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီတို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိနေပြီး သံတွဲမြို့ပတ်ပတ်လည်တွင် အကြမ်းဖက်စကစအဖွဲ့က မြေမြှုပ်မိုင်းများ မြောက်များစွာ ထောင်ထားလျက်ရှိသည်ဟု ဒေသခံများ ပြောပြချက်အရသိရပြီး ဒေသခံများ မိုင်းနင်း သေဆုံးမှုများလည်း ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ