သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက်သတ္တတစ်ပတ်ကျော်ပိတ်ထားသည့် ရက္ခိုင်-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်း ပြန်လည်ဖွင့်လှစ်

AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၅
အောင်စိုး

ရက်သတ္တတစ်ပတ်ကျော်ကြာပိတ်ထားသည့် ရက္ခိုင်-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ကုန်ခရီးသွားနေသည့် ကုန်သည်များထံမှ သိရသည်။

ရက္ခိုင်-အိန္ဒိယနယ်စပ်တွင် ပြီးခဲ့သည့် တစ်ပတ်ကျော်အတွင်း ဝမ်းရောဂါဖြစ်ပွားမှုကြောင့် အာရက္ခတပ်တော်မှ ကုန်သွယ်ရေးလမ်းကြောင်းများကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အကန့်အသတ်မရှိပိတ်ပင်ထားပြီး ယမန့်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နှစ်ဖက်အာဏာပိုင်များမှ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“လမ်းကတော့ ပြန်ဖွင့်ပေးလိုက်ပါပြီ။ နှစ်ဖက်အာဏာပိုင်တွေ ညှိယူပြီး ပြန်ဖွင့်ပေးတာလို့ သိရပါတယ်။ လက်ရှိတော့ ကုန်အသွားအပြန်တွေ ရှိနေပါပြီ” ဟု ကုန်ခရီးသွားနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား၍ ကုန်လမ်းကြောင်းများ ယာယီပိတ်ထားလိုက်သဖြင့် လမ်းခရီးတွင်ပိတ်မိခဲ့သည့် ကုန်သည်တချို့မှာ ကုန်ပစ္စည်းပျက်စီးဆုံးရှုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဝမ်းရောဂါဖြစ်ပွားမှု သက်သာလျော့နည်းလာသဖြင့် ကုန်လမ်းကြောင်းများ ပြန်လည်ဖွင့်ပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝမ်းရောဂါဖြစ်ပွားမှုအတွင်း နယ်စပ်ဒေသများတွင် ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။
ယင်းအပြင် ကုန်လမ်းကြောင်းပိတ်လိုက်သောကြောင့် ရက္ခိုင်ကမြို့နယ်အချို့တွင် အခြေခံလက်လုပ်လက်စားများ စားဝတ်နေရေးများ အခက်အခဲကြုံတွေ့ခဲ့ရသကဲ့သို့ အခြေခံစားသောက်ကုန်တချို့နှင့် ဆေးဝါး စျေးနှုန်းများ မြင့်တက်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ