သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်-အိန္ဒိယနယ်စပ်တွင် ဝမ်းရောဂါဖြစ်ပွားနေခြင်းကြောင့် ကုန်လမ်းရပ်တန့်မှု အချိန်ကြာမြင့်နိုင်

AB News – နိုဝင်ဘာ ၁၉၊ ၂၀၂၅
အောင်စိုး

ရက္ခိုင်-အိန္ဒိယနယ်စပ်တွင် ဝမ်းရောဂါဖြစ်ပွားနေမှုကြောင့် ကုန်လမ်းကြောင်းရပ်တန့်ထားမှု အချိန် ကြာမြင့်နိုင်ကြောင်း ပိတ်မိနေသည့် ကုန်သည်များမှတဆင့် သိရှိရသည်။

ပြင်းထန်ဝမ်းရောဂါဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် ရောဂါပြင်းထန်သဖြင့် သေဆုံးသူများ ရှိသကဲ့သို့ ဆေးဝါးကုသမှု ကောင်းမွန်စွာခံယူနေကြသူများမှာ ပြန်လည်သက်သာလာကြောင်း သိရ သည်။

နယ်စပ်ဒေသမှ ဒေသခံများ ကျန်းမာရေးကောင်းမွန်မှု စိတ်ချရသည့် အခြေအနေတွင်သာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ပေးနိုင်ကြောင်း ကုန်ခရီးသွားနေသည့် ကျောက်တော်ဒေသခံ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက AB News သို့ပြောသည်။

“လောလောဆယ်တော့ လမ်းက ဖွင့်ပေးမှာ မဟုတ်ပါဘူး။ ရောဂါကြောင့် သေတဲ့သူတွေ ရှိသလို အချိန်မီဆေးကုသခွင့်ရလို့ ပြန်ကောင်းလာတဲ့သူတွေလည်း ရှိတယ်။ လောလောဆယ် ရောဂါ ကောင်းသွားတဲ့ နေရာတွေလည်း ရှိတယ်။ ရောဂါအခြေအနေ စိတ်ချရတဲ့အခါမှ လမ်းဖွင့်ပေးမယ်လို့ ကြားတယ်” ဟု ဆိုသည်။

ဝမ်းရောဂါစတင်ဖြစ်ပွားသည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် နှင့် ဆိုင်းဟခရိုင် နှစ်ခုအပြင် ကုန်သွယ်ရေးလမ်းကြောင်းဘေးပတ်ဝန်းကျင်ရှိ မြို့၊ ကျေးရွာများသို့ နိုဝင်ဘာလ ၄ ရက်နေ့မှ စ၍ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနှင့် ပလက်ဝမြို့နယ်အတွင်းရှိ COS/CBOs အဖွဲ့များ ပူးပေါင်းကာ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

ရက္ခိုင်တစ်ကျော့ပြန်တိုက်ပွဲ စတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှစ၍ စစ်ကော်မရှင်သည် ရက္ခိုင်ပြည်ကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုကို ပြတ်တောက်ခဲ့သည်။

ထို့ကြောင့် ရက္ခိုင်-အိန္ဒိယနယ်စပ်လမ်းကြောင်းသည် ရက္ခိုင်သို့အဓိကကုန်ပစ္စည်းများ တင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်ကြောင်း ကုန်သည်များက ဆိုကြသည်။

ကုန်လမ်းကြောင်းပိတ်ပြီး ကုန်စည်ပြတ်တောက်လာမှုကြောင့် ရက္ခိုင်က မြို့နယ်အချို့တွင် အခြေခံလက်လုပ်လက်စားများ စားဝတ်နေရေးအခက်အခဲများ ရှိလာသလို အခြေခံစားသောက်ကုန်စျေးနှုန်းများနှင့် ဆေးဝါးများမှာလည်း ယခင်ထက်စျေးနှူန်းမြင့်တက်နေကြောင်း ဒေသခံများမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် ခရီးသွားပြည်သူများပြားခြင်း၊ သောက်ရေသုံးရေ သန့်ရှင်းမှု အားနည်းခြင်း နှင့် ယင်လုံအိမ်သာနည်းပါးခြင်းတို့ကြောင့် ဝမ်းရောဂါများဖြစ်ပွားကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းများက မှတ်ချက်ပြုသည်။

တစ်ဖက်တွင်လည်း နယ်စပ်မြစ်လက်တက်များမှ စီးဆင်းလာသည့် မြစ်ရေများတွင်လည်း ဝမ်းရောဂါဆိုင်ရာ ရောဂါပိုးများ ပါဝင်နိုင်ကြောင်း အသက် ၄၅ နှစ်အရွယ် အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

“နယ်စပ်မြစ်လက်တက် ရေတွေက ရေစီးသန်တယ်။ အဲဒီရေတွေက မြစ်ဖျားက နေပြီးတော့ မြစ်ဝဖက်ကို စီးဆင်းတယ်။ ကျနော်တို့ ကျောက်တော်မြို့အထက်ဆိုရင် ရေချိုတော့ အကုန်လုံးမြစ်ရေတွေကိုဘဲ သောက်သုံးတာတွေ များတယ်။ အခုလိုအချိန်မျိုးမှာတော့ မြစ်ရေတွေကို သောက်သုံးဖို့ မသင့်တော်ဘူး။ အထက်ဖက် နယ်စပ်တွေမှာ ဝမ်းရောဂါဖြစ်နေတော့ စီးဆင်းလာတဲ့ရေတွေမှာလည်း ဝမ်းရောဂါနဲ့ ဆိုင်တဲ့ ရောဂါပိုးတွေ ပါလာနိုင်တယ်” ဟု သူက ပြောသည်။

ယင်းအပြင် ဒေသခံပြည်သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့် ရောဂါဖြန့်ပွားမှု မဖြစ်စေရန် ရှောင်ရန်၊ ဆောင်ရန် နည်းလမ်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) မှ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ