သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင် စစ်ဘေးရှောင် ကလေးများ ငွေကြေးအခက်အခဲကြောင့် ပညာရေးဆုံးရှုံးနေ

AB News၊ သြဂုတ် ၄၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်တွင် စစ်ကောင်စီ နှင့် အာရက္ခတပ်တော် (AA) တို့ ၂ ဘက် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြရသည့် မိသားစုများသည် ငွေကြေးအခက်အခဲကြောင့် ၎င်းတို့၏ ကလေးငယ်များကို ကျောင်းထားပေးရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ အမ်းနှင့် မြေပုံမြို့နယ်တို့ရှိ အချို့သော စစ်ဘေးရှောင်စခန်းများတွင် လူငယ်ပရဟိတအဖွဲ့များ၏ ကူညီမှုကြောင့် ကလေးငယ်အချို့ အခမဲ့ပညာသင်ကြားခွင့် ရရှိနေသော်လည်း ယင်းဒေသများနှင့် အလှမ်းဝေးသည့် နေရာများမှ စစ်ဘေးရှောင်ကလေးများမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြသည်။

စစ်တွေမြို့မှ စစ်ရှောင်လာသည့် အမျိုးသမီးတစ်ဦးက “တချို့ကလေးတွေ ကျောင်းသွားကြတာ မြင်ရင် ရင်ထဲမကောင်းဘူး။ ကိုယ့်ကလေးတွေကိုလည်း ပညာသင်ပေးချင်တယ်။ ကျမတို့နေတဲ့ဘက်မှာ ပုဏ္ဏားကျွန်းလို အခမဲ့စာသင်ပေးတာမျိုးမရှိဘူး။ ကျောင်းစရိတ်က ရွာထဲက ကလေးတွေနဲ့တန်းတူ ပေးရတော့ မတတ်နိုင်ဘူး။ ထမင်းစားဖို့တောင် မနည်းရုန်းကန်နေရတာ” ဟု ဆိုသည်။

အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကလည်း “သမီးက ကျောင်းသွားချင်တယ်။ ပညာတတ်ကြီးဖြစ်ပြီး မေမေနဲ့ ဖေဖေကို ပြန်ရှာကျွေးချင်တာ။ ဒါပေမဲ့ မေမေက ပိုက်ဆံမရှိဘူးပြောလို့ ကျောင်းမတက်ရဘူး” ဟု AB News သို့ ပြောသည်။

ရက္ခိုင်ပြည်အတွင်း AA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် မူလတန်းကျောင်းသားတစ်ဦးအတွက် တစ်လလျှင် ကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀၊ အလယ်တန်းအတွက် ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ နှင့် အထက်တန်းအတွက် ကျပ် ၅၀,၀၀၀ အထိ ပေးဆောင်နေရ ကြောင်း သိရသည်။

ကိုယ်ပိုင်ကျောင်းများတွင်မှု အထက်တန်း ကျောင်းသားတစ်ဦးအတွက် တစ်လလျှင် ကျပ် ၉၀,၀၀၀ နှင့်အထက် ပေးဆောင်ရကြောင်း သိရသည်။

နောက်ထပ် စစ်တွေမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကျမမှာ မူကြိုနဲ့ ဒုတိယတန်းအရွယ် သမီးနှစ်ယောက်ရှိတယ်။ ကျေးလက်ဘက်မှာနေတော့ ပညာသင်စရိတ်က တစ်လကို ကျပ် ၁၀,၀၀၀ ပဲ ရှိတယ်။ ဒါပေမဲ့ စာရေးကိရိယာ စရိတ်တွေက ဈေးကြီးတယ်။ အခုက အတန်းငယ်သေးလို့ ဒီလောက်မခက်သေးပေမဲ့ တချို့ဆို ထမင်းတောင် အငတ်ခံစားနေရတာဆိုတော့ သားသမီးကို ပညာသင်ပေးဖို့ဆိုတာ ဝေးသေးတယ်” ဟု ဆိုသည်။

ရက္ခိုင်ပြည်တွင် AA က စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ထားသော်လည်း စစ်ဘေးရှောင်မိသားစုအများစုမှာ ငွေကြေးမတတ်နိုင်သည့်အတွက် ပညာရေးကို စွန့်လွှတ်ကာ ဝမ်းရေးအတွက်သာ ရုန်းကန်နေကြရဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ