
AB News-အောက်တိုဘာ ၂၈ ၊၂၀၂၅
ရက္ခိုင်ပြည် ၊ပုဏ္ဏားမြို့နယ် ကွမ်းတောင်ကျေးရွာအနီးရှိ လူနာအား ဖြူစင်ရင်ခွင် လူမှုကူညီရေးအသင်းသည် အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် အရေးပေါ် သွားယူစဥ် စစ်ကောင်မရှင် (မြန်မာစစ်တပ်) က ဒရော့ဗုံးဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်ခဲ့သောကြောင့် အသက် ၁၄ နှစ်အရွယ် အသင်းဝင် တစ်ဦး သေဆုံးခဲ့ရသည်။
သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်း ဘုရားတကာလမ်းမှ အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ် ဖြစ်ပြီး ၎င်းသည် အသက် ၁၀ နှစ် အရွယ်ကတည်းကစတင်ကာ ကျောင်းတစ်ဖက်ဖြင့် လူမှုကူညီရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ လူမှုကူညီရေးပရဟိလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသော အသက်အငယ်ဆုံး အဖွဲ့ဝင် မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ်ချေ သည် ၎င်းတို့အသင်းမှ အဖွဲ့ဝင်များနှင့်အတူ ကွမ်းတောင်ရွာသို့ လူနာယူဆောင်ရန် အရေးပေါ်ကားဖြင့် သွားစဥ် လမ်းတွင် စစ်တွေအခြေစိုက် အကြမ်းဖက်မြန်မာစစ်တပ်ကရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲပစ်သတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ်သည် ပြည်သူများ ၊ ဘာသာရေး အဆောက်အအုံများအား နှင့် စာသင်ကျောင်းများအား အစဥ်တစိုက် အကြမ်းဖက် တိုက်ခိုက်ရုံမျှမက လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေသည့် ပရဟိတ အရေးပေါ်လူနာတင်ကား အမှတ်သင်္ကေတပါ ကားများကိုပါ ပစ်မှတ်ထားကာ တိုက်ခိုက်လာမှုရှိလာခြင်းသည် နိုင်ငံတကာဆိုင်ရာ စစ်ဥပဒေအရ ပြစ်မှုမြောက်သည်။
ထိုကဲ့သို့ လူမှုကူညီရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်နေသူများကို တိုက်ခိုက်ခြင်းသည် ICRC ကထုတ်ပြန်ထားသည့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာဥပဒေ ( International Humanitarian Law – IHL) ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်းထင်ရှားသည်။
ထို့အပြင် (Geneva Conventions 1949 )နှင့် ( Additional Protocols 1977) တွင်လည်း အမျိုးသမီးများ ၊ ဆေးဝန်ထမ်းများ ၊ လူနာများအပါအဝင် လူသားချင်းစာနာထောက်ထားမှုလုပ်သားများအပေါ် လုံးဝကာကွယ်ပေးရမည်ဟုဖော်ပြထားသည်။
လက်ရှိတွင် အကြမ်းဖက် မြန်မာစစ်တပ်၏ လူသားမဆန်သည့် လုပ်ရပ်ကြောင့် လူမှုကူညီရေးလုပ်ဆောင်နေကြသော ပရဟိတအဖွဲ့အစည်းများတွင် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်နေကြသော်လည်း ပြည်သူများ အရေးပေါ်လိုအပ်လျှင် ကြောက်စိတ်ကို အန်တုကာကူညီရန် အသင့်ရှိကြောင်း ကို ဒေသခံအဖွဲ့အစည်းများက AB News သို့ပြောသည်။
အကြမ်းဖက် မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ်ချိုးဖောက်နေသော်လည်း ထိရောက်သည့် အပြစ်ပေးအရေးယူခံရခြင်းမရှိသေးပေ။
ဓာတ်ပုံ-ဖြူစင်ရင်ခွင် လူမှုကူညီရေးအသင်းဝင် အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ်