
AB News – သြဂုတ် ၁၁ ၊ ၂၀၂၅
အာရက္ခပြည်တွင် ပြည်သူ့ကျန်းမာ ၊ ကျေးလက်ကျန်းမာရေးကဏ္ဍများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူသွားမည်ဟု ယနေ့ သြဂုတ် ၁၁ ရက်နေ့တွင် ပြုလုပ်သည့် ULA/AA ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုလိုက်သည်။
‘’သူနာပြုသင်တန်း ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်သင်တန်းတွေ ဖွင့်လှစ်ပို့ချနေပြီး သားဖွားသင်တန်းကျောင်းတွေကိုလည်း မကြာမီအချိန် မှာ ဖွင့်လှစ်သွားဖို့ရှိပါတယ်” ဟု ပြောသည်။
အာရက္ခတပြည်လုံးရှိ ဆေးရုံများတွင် ကုသရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဆေးရုံ၊ ဆေးခန်းများအတွက် လိုအပ်သော အဆင့်မြင့် ဆေးရုံးသုံးစက်ပစ္စည်းများကို ယခုထက်ပို၍ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်ကြိုးပန်းလျက်ရှိကြောင်းလည်း ၎င်း၏ပြောဆိုချက်အရသိရသည်။
ထို့ပြင် လက်ရှိ အာရက္ခပြည်တွင်းရှိ ဆေးရုံ၊ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်၊ ဆရာမများနှင့် အာရက္ခပြည်အတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေကြသည့် ဆရာဝန်၊ ဆရာမများကို အသိမှတ်ပြုတန်ဖိုးထားပြီး နောက်လာမည့် ပညာရှင်များနှင့် ဆရာဝန်၊ဆရာမများကိုလည်း ဖိတ်ခေါ်ကြောင်း ဦးခိုင်သုခက ပြောကြားသည်။
ယခုအချိန်တွင် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ULA/AA တွင်ရှိသည့် လူ့အရင်းအမြစ်များနှင့် စေတနာဝန်ထမ်းများဖြင့် အကောင်းဆုံးကြိုးစားလုပ်ဆောင်လျက်ရှိနေပြီး TB ရောဂါနှင့် HIV ရောဂါဖြစ်နေသောလူနာများအတွက် ဆေးဝါးအချိန်မီရရှိနိုင်ရေး၊ဆေးဝါးအခမဲ့ထောက်ပံ့ပေးနိုင်ရေးနှင့် ဆေးဝါးအလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိနေကြောင်းလည်း ပြောဆိုထားသည်။
ထို့အပြင် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ယားနာရောဂါများနှင့် ရာသီအလိုက်ဖြစ်တတ်သော ရောဂါများအတွက် အချိန်နှင့်တပြေးညီ လုပ်ဆောင်လျက်ရှိနေကြောင်းလည်း သိရသည်။