AB News – ဇူလိုင် ၂၃၊၂၀၂၅
နွယ်စိုး
ရက္ခိုင်ပြည်အတွင်း၂၀၂၅ ခုနှစ်၊ ဇွန်လကုန်လောက်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့ပြီး ပြည်သူများ အရေးပေါ်အကူအညီ အရေးတကြီး လိုအပ်နေသည်ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ဇူလိုင်လ ၂၂ ရက်နေ့ က ထုတ်ပြန်သည်။
ရေလွှမ်းမိုးခံခဲ့ရသောနေရာအများစုတွင် အကူအညီများ လက်လှန်းမီရန် ခက်ခဲသောကြောင့် အကူအညီရရှိမှုများ နည်းပါးလျက်ရှိ၍ လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အမိုးအကာများ၊ မျိုးစပါးများ၊ အမျိုး သမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်လျက်ရှိနေပါသည်” ဟု ဖော်ပြထားသည်။
လက်ရှိမှာ HDCO က ရေလွှမ်းမိုးခံခဲ့ရသောဒေသများဆီသို့ သွားရောက်ပြီး အရေးပေါ်အကူအညီများ ဆောင်ရွက်မှုနှင့် အတူ ရေဘေးသင့်အချက်အလက်များကိုပါ ကောက်ခံလျက်ရှိနေသည်ဟု ဆိုထားသည်။
HDCOက ကောက်ခံထားသော စာရင်းများအရ ဒုက္ခသည်စခန်းများ အပါအဝင် ကျေးရွာ (၉၀) ကနေ အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦး ရေဘေးသင့်လျက်ရှိနေသည်ဟု သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အစရှိသော မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး၊ ယင်းအထဲက ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်များပျက်စီးခြင်း၊ စပါးခင်းများပျက်စီးခြင်း၊ လမ်း၊ တံတားများပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်များအပြင် လူသေဆုံးမှုများပါရှိနေသည်ဟု HDCO က ဆိုထားသည်။
ယင်းကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိသော အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သို့ဆက်သွယ်ပြီး ထိခိုက်ခံခဲ့ရသည့်နေရာများသို့ လိုအပ်သောအကူအညီများ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ကိုလည်း တိုက်တွန်း၊ နှိုးဆော်ထားသည်။




