AB News – ဖေဖော်ဝါရီ ၉၊ ၂၀၂၆
အောင်စိုး
ရက္ခိုင်တွင် သုံးစွဲပြီး ပလပ်စတစ်များကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်နေကြောင်း ဒေသတွင်းလူမှုရေး တက်ကြွ လှုပ်ရှားသူများမှ စုံစမ်းသိရသည်။
ဒေသတွင်း ပလပ်စတစ်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများပြားလာသောကြောင့် ပလပ်စတစ်အမှိုက်သရိုက်များမှာလည်း တဖြည်းဖြည်းများလာနေကြောင်း ဆိုသည်။
ပြည်သူအချို့မှာ ပလပ်စတစ်အပြင် စွန့်ပစ်ပစ္စည်းများကို ချောင်းမြောင်းထဲသို့ စွန့်ပစ်နေမှုများကြောင့် ချောင်းရေ ညစ်ညမ်းမှုတို့ ဖြစ်ပေါ်စေနိုင်ကြောင်း အသက် ၃၀ အရွယ် မြောက်ဦးမြို့ လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက AB News သို့ ပြောသည်။
“မြောက်ဦးချောင်းမြောင်းတွေကို သန့်ရှင်းရေးလုပ်တာ မကြာသေးပါဘူး။ အဓိက မြို့သန့်ရှင်းရေးအတွက် လုပ်ထားကြတာပါ။ တစ်ပတ်လောက်ပဲ သန့်သန့်ရှင်းရှင်း မြင်လိုက်ရပါတယ်။ ခုဆိုရင် အရင်လို ချောင်းထဲမှာ ပလပ်စတစ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေ ပြည့်နေပါပြီ။ သန့်ရှင်းရေးလုပ်ထားတဲ့ နေရာတွေမှာလည်း အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်လေးတွေကို ချိတ်ဆွဲထားတာပါ။ ဒါဘယ်မဲ့ ချောင်းထဲသို့ စွန့်ပစ်ကြတုန်းပါပဲ။ စျေးနဲ့နီးတဲ့ တံတားပတ်ဝန်းကျင်၊ နေရာလပ်တွေမှာဆိုရင် စည်းကမ်းမဲ့ စွန့်ပစ်ကြတာတွေ များပါတယ်။ ဒီလို စွန့်ပစ်မှုတွေ များလာရင် ချောင်းလည်း တိမ်လာမှာဖြစ်သလို ရေတွေကလည်း ညစ်ညမ်းလာနိုင်ပါတယ်” ဟု ဆိုသည်။
တချို့ ဆိပ်ကမ်းများတွင်လည်း ကုန်လှေများနှင့် စျေးဆိုင်းတန်းများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ဆိပ်ကမ်းနေရာများတွင် အနံ့အသက်မကောင်းကာ ညစ်ညမ်းလာနေကြောင်း ကုန်ထမ်းအလုပ် လုပ်ကိုင်နေသူ တစ်ဦးကပြောသည်။
“ဒီဆိပ်ကမ်းမှာဆိုရင် လှေတွေကလည်း အမှိုက်တွေပစ်ကြတယ်။ အနီးအနား ထမင်းဆိုင်တွေ နှင့် စျေးဆိုင်တွေ ကလည်း စည်းကမ်းမဲ့ စွန့်ပစ်ကြတာတွေရှိပါတယ်။ ဆိုတော့ ဆိပ်ကမ်းက အနံဆိုးတွေထွက်လာပြီး တဖြည်းဖြည် ညစ်ညမ်းလာပါတယ်” ဟု ဆိုသည်။
စည်းကမ်းမဲ့ ပလပ်စတစ် စွန့်ပစ်မှု လျော့ကျစေရန် လူမှုရေးတက်ကြွလှုပ်ရှားသူများက အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရကို တောင်းဆိုနေကြောင်း သိရသည်။
“အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို လျော့ကျအောင် ဖြေရှင်းစေချင်ပါတယ်။ အမှိုက်ပစ်ရမဲ့ နေရာတွေမှာ အမှိုက်ပုံးတွေ စနစ်တကျ ရှိစေချင်ပါတယ်။ အမှိုက်ပစ်မဲ့ နေရာ စနစ်တကျမရှိတာကြောင့် တချို့ဆိုရင် ဖြစ်သလို အမှိုက်တွေကို စွန့်ပစ်ကြတာတွေ ရှိပါတယ်။ ပြီးတော့ အမှိုက်မပစ်သင့်တဲ့ နေရာတွေကို တားမြစ်ထား သင့်ပါတယ်။ လိုအပ်ရင် အရေးယူမှုတွေ ထိထိရောက်ရောက် လုပ်စေချင်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောသည်။
ပလပ်စတစ်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်၊ ဟောပြောမှုများကို အစိုးရနှင့် ဒေသတွင်း လူမှုအဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ကျောက်တော်မြို့ခံတစ်ဦးက ဆိုသည်။
“ဒါကတော့ အစိုးရတစ်ရပ်မှာ တာဝန်ရှိသလို ဒေသတွင်းက လူမှုရေးအဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိပါတယ်။ ဒေသခံတွေက ပလပ်စတစ်နဲ့ ပတ်သက်လို့ အသိပညာလိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါကို အစိုးရနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒေသခံတွေကို အသိပညာပေးဟောပြောမှုတွေ လုပ်ဖို့လိုမယ်။ ဥပဒေအရ အရေးယူတာမျိုး တစ်ခုတည်းနဲ့တော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မြင်မိတယ်။ ဒေသခံပြည်သူတစ်ဦးချင်းစီမှာ ပလပ်စတစ်နဲ့ ပတ်သက်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခွဲခြမ်းနိုင်တဲ့ အသိပညာတွေရှိမှ ဒီလိုကိစ္စမျိုးကို ဖြေရှင်းနိုင်မေလို့ ထင်မိပါတယ်” ဟု ဆိုသည်။
ပလပ်စတစ်သည် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို အန္တရာယ်အပေးဆုံး စွန့်ပစ်ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး မြေသြဇာအဖြစ်လို့ ပြောင်းလဲရောက်ရှိရန် နှစ်ပေါင်း ၁ ထောင်နီးပါးခန့် ကြာမြင့်ကြောင်း သုတေသီများက ပြောဆိုထားသည်။
ပုံစာ – ရက္ခိုင်ပြည်အတွင်း ပလပ်စတစ်နှင့် အခြားသော စွန့်ပစ်ပစ္စည်းများအား စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် နေရာများကို မြင်တွေ့ရခြင်း။(ဓာတ်ပုံ/အောင်စိုး)






