Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် စစ်ရှုံးစစ်ကောင်စီ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်လာ၊ ယခု ရက်ပိုင်းအတွင်း သေဆုံးသူ ၁၆ဦးနှင့် ဒဏ်ရာရရှိသူ ၅၃ဦးထက်မနည်းရှိ

ရက္ခိုင်ဒေသအတွင်း မြို့နယ် ၁၇ ခုအနက် ၉မြို့နယ်ကို လက်လွှတ်ဆုံးခဲ့ရသည့် အာဏာသိမ်းစစ်ကောင်စီသည် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်ကို တွေ့ရှိရသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူများအပါမဝင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၆ဦးကျေ် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၅၃ ဦးထက်မနည်းရှိနေသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် စစ်ရေးအရ ကန့်သတ်ထားသည့် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦးနှင့် လူနေရပ်ကွက်၊ ကျေးရွာများကို ရည်ရွက်ချက် ရှိရှိ  ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် မြို့၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများ အပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ယခု မေအတွင်း နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိသည်။

ယမန်နေ့ မေလ ၁၄ ရက်နေ့ ညဉ့် ၁၂ ကျော်အချိန်တွင် ကျောက်တော်မြို့နယ်ရှိ ဝဲကြီး‌ထောင့်ရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ ၂ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့် ဆေးရုံမှာ ၉၅ ရာခိုင်နှုန်းခန့် ပျက်စီးသွားသည့်အပြင် လူနာများ သေဆုံးခဲ့ရပြီး ၂၀ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ရွာရှိ ဆေးရုံအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည်ကို တွေ့ရစဥ်/AA

ထို့အတူ ကျောက်တော်မြို့အနီးရှိ လမ်းမတော်ရွာ စာသင်ကျောင်းလည်း ယမန်နေ့ ညဉ့် ၁၂ နာရီ၊ ၅ မိနစ်ခန့်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရပြီး ၎င်းကျောင်း၌ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်ဒုက္ခသည် ၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တော်မြို့ခံ တစ်ဦးက AB News သို့ ပြောဆိုသည်။

“မနေ့က ညဉ့် ၁၂ နာရီကျော်အချိန်မှာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီ ကျောင်းမှာ စစ်ရှောင်နေကြတဲ့ ဒုက္ခသည် ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်၊ ကင်း‌ချောင်းကျေးရွာကို မေလ ၁၄ ရက်နေ့ မွန်းလွှဲ ၁၂ နာရီခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့ သည် တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရွာသား ၄ဦး သေဆုံးခဲ့ရပြီး ၆ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ဘုန်းတော်ကြီးကျောင်းဆောင်နှင့် ကျေးရွာအတွင်းမှ လူနေအိမ် ၂၀ နီးပါးခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထိုရွာမှ ကျောင်းထိုင်ဆရာတော်က မိန့်သည်။

မောင်တောမြို့နယ် ကင်းချောင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်စဥ် သေဆုံးသွားသည့် ရုပ်အလောင်းအားတွေ့ရစဥ်/ABN

ထို့အပြင် ရက္ခိုင်ပြည်မြောက်ပိုင်း သံတွဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ မေလ ၁၄ ရက်၊ ည ၉နာရီခန့်အချိန်တွင် လင်းသီရွာမှ သားအဖ ၃ဦးအပါအဝင် ၉ဦး သေဆုံးခဲ့ပြီး ရွာသား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က သံတွဲမြို့နယ်တွင် မြို့အဝင် ဗားဒေါင်းစစ်ဆေးရေးဂိတ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲပြီး အောက်နတ်မော်ရွာမှ ရွာသား ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သံတွဲဒေသခံများက အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့တွင် မောင်တောမြို့အနီးရှိ မြို့သူကြီး နခခ ၅ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် မောင်တောမြို့နယ်၊ သာယာကုန်းရွာနှင့် ငွေတောင်ရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး သာယာကုန်းရွာမှ ရွာသား ၂ဦးမှာ ကျည်စ ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါနေ့တွင်ပင် ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းတိုက်နယ်၊ လောင်းချောင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိကာ စာသင်‌ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၉ရက်နေ့တွင် မောင်တောမြို့နယ်ရှိ ရွှေရင်အေးရွာကို မြို့သူကြီး နခခ ၅မှ စစ်ကောင်စီတပ်သားများနှင့် လက်နက်ကိုင် စစ်သွေးကြွ ဘင်္ဂလီမူဆလင်များက လူနေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ချီးရားတန်းရွာမှ ဒေသခံ ၂ဦးကို  ၃မိုင်ရွာအနီးတွင် ဖမ်းဆီးကာ သတ်ဖြတ်ခဲ့သည်။

ထို့အတူ မောင်တောမြို့၊ ၃မိုင်ခွဆုံအနီးရှိ ဝေသာလီရပ်ကွက်ကို မေလ ၇ရက်နေ့တွင် စစ်ကောင်စီအဖွဲ့နှင့် စစ်သွေးကြွ ဘင်္ဂလီ မူဆလင်များ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခဲ့ပြီး အမျိုးသမီး တစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီဿည် မေလအတွင်း မောင်တောမြို့မှ ပြည်သူပိုင် တံတား ၄စင်းနှင့် ဘူးသီး‌တောင်မြို့မှ တံတား ၂စင်းကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် မေလ ၆ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သားအဖ ၂ဦး သေဆုံးခဲ့ပြီး အခြားရွာသား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဘုန်းတော်ကြီးကျောင်းဆောင်နှင့် လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

ရက္ခိုင်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲမှာ ၇လအထိ ကြာမြင့်လာသည်ကို တွေ့ရသည်။

ရက္ခိုင်တိုက်ပွဲအတွင်း အာရက္ခတပ်တော်မှ မြို့နယ် ၉မြို့ကို အပြီးပိုင် သိမ်းပိုက်ထားပြီး ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ ဘူးသီးတောင်၊ မောင်တော၊ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နှင့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

တစ်မြို့ပြီး တစ်မြို့ လက်လွှတ်ဆုံးရှုံးနေရပြီး စစ်ရှုံးနေသည့် အကြမ်းဖက် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ဒေသခံအရပ်သားပြည်သူများ နေထိုင်သည့် မြို့ရွာများကို လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် စာသင်ကျောင်း၊ သာသနိကအဆောက်အဦး၊ ဆေးရုံ၊ ဆေးခန်းနှင့် လမ်းတံတားများကို ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ