
AB News – သြဂုတ် ၁၁၊ ၂၀၂၅
နွယ်စိုး
ရက္ခိုင်ပြည်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်ချက်ကြောင့် ဒေသခံပြည်သူ ၉၂၆ ဦးသေဆုံးခဲ့ပြီး ၁၉၅၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် ကျင်းပသော (ULA/AA)၏ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
ရက္ခိုင်ဒေသခံ ၉၄၇ ဦးမှာလည်း စစ်ကောင်စီထံ ဖမ်းဆီးခံထားရကြောင်း ဦးခိုင်သုခက ဆိုထားသည်။
“သေဆုံးသူတွေဟာ မြေပြင်မှတ်တမ်းတွေအရ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနဲ့ မတရားဖမ်းဆီး သတ်ဖြတ်ပြီး သေဆုံးသွားကြတာ ဖြစ်တယ်လို့” ဦးခိုင်သုခက ဆိုထားသည်။
စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် မီးရှို့မှုများကြောင့် လူနေအိမ် ၁၀၅၀၂ လုံး၊ ဘာသာရေးအဆောက်အဦး ၉၀၊ စာသင်ကျောင်း ၄၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၂ ခု၊ တံတား ၂၂ စင်း၊ UN, INGO, NGO ရုံးအဆောက်အဦး ၃ ခုအပြင် တခြားအဆောက်အဦး စုစုပေါင်း ၁၁၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ဦးခိုင်သုခ က ပြောကြားထားသည်။
အာရက္ခတပ်တော် (AA) အနေဖြင့် သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ကောင်စီ၏ ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြားက အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်းလည်း ဦးခိုင်သုခက ပြောသည်။