
AB News – အောက်တိုဘာ ၂၉၊၂၀၂၅
နွယ်စိုး
ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကော်မရှင်၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၉၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၀ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၀၀၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ခဲ့သည်။
တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရက္ခိုင်တွင် စစ်ကော်မရှင်၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၉၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁၀၀၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း HDCO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရက္ခိုင် ဒေသခံပြည်သူ ၉၇၀ ဦးကို သတ်ဖြတ်ခဲ့ပြီး ၂,၀၅၄ ဦး ဒဏ်ရာရရှိခဲ့ကာ ၁,၀၀၀ ဦး မတရား ဖမ်းဆီးခံခဲ့ရမှုအား HDCO မှ မှတ်တမ်းတင်ထားကြောင်း ဆိုထားသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် ၄၄၃ ဦးသေဆုံးခဲ့ပြီး ၁၀၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော အရေအတွက်သည် ၂၀၂၄ ခုနှစ်အောက်တိုဘာလနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဇူလိုင်လမှစ၍ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများလာကြောင်းလည်း ဖော်ပြထားသည်။
ပြည်သူများ သေဆုံးခဲ့ရသည့် အကြောင်းရင်းများမှာ စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုများကြောင့် အဓိကဖြစ်ပြီး သေနတ်သုံးတိုက်ခိုက်မှုများနှင့် မိုင်းပေါက်မှုများ အပါအဝင် အခြားအကြောင်းရင်းများလည်း ပါဝင်သည်ဟု HDCO က ထုတ်ပြန်ထားပါသည်။
စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်မှုများကြောင့် သေဆုံးသွားခဲ့သည့် အထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၇၅ ဦးပါဝင်ကာ၊ သေဆုံးသူ စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းဖြစ်သည်။
ထိခိုက်သေဆုံးသူများထဲတွင် အများစုသည် ရက္ခိုင်လူမျိုးများဖြစ်ကြပြီး မူဆလင်လူမျိုးများလည်း ပါဝင်ကာ မရမာကြီး၊ ဟိန္ဒူ၊ ခမီနှင့် သက်များလည်း ပါဝင်ကြောင်း သိရပါသည်။
ပုံစာ – ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်တွင် သရက်တပင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချမှုကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသား၊ သားများ၏ ရုပ်အလောင်းများအား မြင်တွေ့ရစဉ်။