သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်စစ်ဘေးရှောင်များ ဆောင်းရာသီအတွက် အနွေးထည်များ လိုအပ်နေ

AB News – အောက်တိုဘာ ၂၅ ၊ ၂၀၂၄

ရက္ခိုင်ပြည်တွင် စစ်ဘေးရှောင်ပြည်သူ ၆ သိန်းကျော်ရှိနေပြီး ဆောင်းရာသီအတွက် အနွေးထည်များ လိုအပ်လျက်ရှိနေကြောင်း စစ်ဘေးရှောင်များက ပြောသည် ။

နေအိမ်များကို စွန့်ခွာပြီး စစ်ဘေးရှောင်လာရသည့် စစ်ဘေးရှောင်ပြည်သူများမှာ ဆောင်းရာသီအတွင်း အသုံးပြုရန် အနွေးထည်များ လိုအပ်နေကြောင်း မောင်တောမြို့နယ် ပဒင်းရွာမှ စစ်ဘေးရှောင်မူဆလင် အမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။

“ကျမတို့ထွက်လာတဲ့အချိန်မှာ ကျမတို့မှာ အဝတ်အထည်က နည်းနည်းပဲပါတာ။ အခုက ဆောင်းရာသီကိုတောင်ရောက်တော့မယ်။ အနွေးထည်တွေလည်းမရှိသေးဘူး။ ဝယ်ဖို့ကျပြန်တော့လည်း ပစ္စည်းလည်း မရှိသလို ငွေလည်းမရှိပါဘူး။ ကျမတို့ အကူအညီမရရင် ဆောင်းတွင်း မလွယ်သေးပါဘူး” ဟု ဆိုသည်။

ရက္ခိုင်တွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် ဖျက်ဆီးမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီးမှုများကြောင့် အရပ်သား ပြည်သူများ၏ နေအိမ် အများအပြားမှာလည်း မီးလောင် ပျက်စီးသွားခဲ့ရပြီးဖြစ်သည်။

နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည့် မောင်တောမြို့မှ အောင်မင်္ဂလာကျေးရွာတွင် စစ်ဘေးရှောင်နေသူ တစ်ဦးက ၎င်းတို့မှ စစ်ဘေးရှောင်ရန် ထွက်ပြေးလာစဥ် အနွေးထည်အင်္ကျီ၊ စောင်များ မပါလာခဲ့၍ ဆောင်းတွင်းကာလ အခက်တွေ့မည်ကို စိုးရိမ်ကြောင်း မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီး တစ် ဦးက AB News သို့ပြောသည်။

မောင်တောမြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုအားတွေ့ရစဥ်/ABN

“ကျမက မောင်တောမြို့ထဲကပါ။ စစ်ဘေးရှောင်ဖို့ ထွက်လာတဲ့ခါ တနိုင်တပိုင်လေး ယူလာခဲ့တာမှာ အဝတ် ချွတ် တစ်ထည် ဝတ်တစ်ထည်လောက်ပဲ ပါတယ်။ စောင်၊ အနွေးထည်တွေက ပါမလာခဲ့ဘူး။ ကျမတို့အိမ်လည်း လေယာဥ်က ပစ်လို့ မီးလောင်သွားပြီလို့ သိရပါတယ်။ ဝယ်ဖို့လည်း ဒီမှာ ဘာအနွေးထည်မှမရှိပါဘူး။ ” ဟု ဆိုသည်။

စစ်ကောင်စီက မြို့ ၊ ရွာများကို ဗုံးကြဲ ၊ မီးရှိးဖျက်ဆီးခဲ့သည့်အတွက် ပုဏ္ဏားကျွန်းမြို့မှ ပြည်သူများလည်း မြို့အပြင်သို့ထွက်ပြေးကာ တောတောင် ၊ လမ်းမများ၌ ဖြစ်သလိုနေကြရပြီး ဆောင်းရာသီတွင် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။

“ကျမတို့မြို့က ထွက်ပြေးလာတာကြာပါပြီ ။ စစ်ပွဲဖြစ်ကတည်းက ထွက်ပြေးလာတာပါ။ လမ်းတွေ ၊ တောင်တောင်တွေမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေရတာ။ အိမ်ပြန်လို့လည်းမရသေးဘူး။ အခုကအေးတဲ့ရာသီလည်းဖြစ်တယ်။ ကျမတို့ လူကြီးတွေအတွက် မရရင် နေပါ။ ကလေးတွေ အတွက်တော့ အနွေးထည်တွေ၊ စောင်တွေ လိုချင်ပါတယ်” ဟုဆိုသည်။

ရက္ခိုင်တွင် စစ်ဘေးရှောင် ၆ သိန်းခန့်ရှိနေပြီး ၎င်းတို့၏ အစားအသောက်၊ ဆေးဝါး စသည်တို့အတွက် အာရက္ခတပ်တော်၊ HDCO နှင့် ပြည်ပရောက် ရက္ခိုင်များက ထောက်ပံ့ထားသည်ကို တွေ့ရသော်လည်း ကူညီရရှိမှုများမှာ အကန့်အသတ်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ရက္ခိုင်တပြည်လုံးအတိုင်းအတာဖြင့် မြို့နယ်တိုင်းတွင် စစ်ဘေးရှောင်နေပြည်သူများရှိနေပြီး စစ်ဘေးရှောင်များမှာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ မြေလွတ်များတွင် တဲထိုးနေထိုးနေထိုင်ခြင်း နှင့် နေအိမ်များတွင် စုပေါင်းကာ နေထိုင်လျက်ရှိကြသည်ကို တွေ့ရသည်။

ရက္ခိုင်တွင် တိုက်ပွဲ စဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ရက္ခိုင်တပြည်နယ်လုံးရှိ ကားလမ်း၊ ရေလမ်း သွားလာမှုများအား အကြမ်းဖက် စစ်ကောင်စီတပ်က ပိတ်ဆို့ထားလိုက်သည့်အတွက် ကုန်စည်တင်ပို့မှု၊ တင်သွင်းမှုများ လုံးဝရပ်တန့်သွားပြီး ကုန်ပစ္စည်း ပြတ်လပ်မှုဖြင့် ရင်ဆိုင်နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
By proceeding you understand and give your consent that your IP address and browser information might be processed by the security plugins installed on this site.
×