AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၅
မောင်လိုကီ
အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တို့ နှစ်ဘက်စစ်ရေးတင်းမာနေသည့် ရက္ခိုင်မှ မြို့ ၂ မြို့ကို စကမတပ် လေကြောင်း၊ ရေကြောင်းအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရက္ခိုင်ပြည်ရှိ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့ကို စစ်ကော်မရှင်က ယမန်နေ့ နိုဝင်ဘာလ ၁၇ရက်နေ့တွင် လေကြောင်းနှင့် နေဗီများမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည်။
စစ်ကော်မရှင်က စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာတံတားအနီးကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် Y-12လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ ခန့် ကြဲချခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင်လည်း စကမက ကျေးရွာ ၃ ရွာကို လေကြောင်းအပါအဝင် နေဗီ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကို စကမ က နိုဝင်ဘာလ ၁၇ရက်၊ နေ့လယ် ၁၂နာရီ ၃၅ မိနစ်အချိန်တွင် လေကြောင်းမှ ပေါင် (၅၀၀) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျောက်က်ဖြူမြို့နယ်၊ လိပ်တင်ကျေးရွာအတွင်းသို့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လိပ်တင်ကျေးရွာစာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး၊ အသေခံဒရုန်း ၁ စင်းဖြင့်လည်း ၎င်းနေရာသို့ နေ့လယ် ၁၂ နာရီ၊ ၃၉ မိနစ်တွင် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် လိပ်တင်ကျေးရွာ စာသင်ကျောင်းမှာ ထိခိုက်ပျက်စီးခဲ့ရပြီး၊ စာသင်ကျောင်း၌ စာသင်ကြားနေသော ကျောင်းသား၊ သူများနှင့် ဆရာ၊ ဆရာမများမှာ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့၍ တစုံတရာ ထိခိုက်မှုမရှိခဲ့သော်လည်း စာသင်ကျောင်းအနီးရှိ ဝက် ၂ ကောင် သေဆုံးခဲ့ရသည်။
တစ်ရက်တည်းတွင် စစ်ကော်မရှင်က မင်းရပ်တိုက်နယ်ရှိ မင်းရပ်ရွာနှင့် သံချောင်းရွာအနီးပတ်ဝန်းကျင်နေရာများသို့ ယမန်နေ့ည ၈နာရီ၊ ၁၇မိနစ်တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
၎င်းကျေးရွာများကို ဇင်ချောင်းကမ်းခြေဘက်တွင် နေရာယူထားသည့် စစ်ကော်မရှင်နေဗီသင်္ဘောပေါ်မှ ယမန်နေ့ ညနေ ၈ နာရီ၊ ၂၅မိနစ်အချိန်တွင် လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်၏ ပစ်ခတ်မှုများအတွင်း ဒေသခံများ ထိခိုက်၊ သေဆုံးမှုများကို ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်ထားသည်။
ကျောက်ဖြူမြို့နယ်များကို စကမက လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် လေကြောင်းဘေးအန္တရာယ်ကို ပိုမိုသတိထားနေထိုင်ရန်လည်း အသိပေးထုတ်ပြန်ထားသည်။
ပုံစာ – စကမ လေကြောင်းဗုံးကြဲမှုကြောင့် ကျောက်ဖြူမြိုနယ်၊ လိပ်တင်ကျေးရွာတွင် ပြိုပျက်စီးသွားသည့် စာသင်ကျောင်းဆောင်များအား မြင်တွေ့ရစဉ်။(Photo- AA Info Desk)




