သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်က မြို့ ၂ မြို့ကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်

AB News – အောက်တိုဘာ ၃၀၊ ၂၀၂၅
နွယ်စိုး

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့၊ နေ့လယ် ၁နာရီကျော်ခန့်အချိန်တွင် စစ်ကောင်မရှင်သည် ပုဏ္ဏားကျွန်းမြို့အနီးအနား တဝိုက်ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ရော့ကတ် ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“နေ့လယ် ၁ နာရီကျော်လောက်မှာ တိုက်လေယာဉ်သွားတာ ကြားလိုက်တယ်။ လေယာဉ် နှစ်စီးနဲ့ ရော့ကတ် ၁၀ လုံး ပစ်သွားတယ်။ပုဏ္ဏားကျွန်းမြို့ထဲမှာ ကျရောက်ပေါက်ကွဲခဲ့တယ်” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့ရှိ ၅၅၀ တပ်ရင်းအနီးတွင် ဗုံး ၂ လုံး ကြဲချပစ်ခတ်ခဲ့ပြီး အထက ကျောင်းအနီးတွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့အပြင် ရော့ကတ် ၁၀ လုံးထက်နည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးခြင်းမရှိကြောင်းနှင့် ထိခိုက်ပျက်စီးမှုအချို့ရှိကြောင်း ဒေသခံများက ဆိုကြသည်။

အလားတူ ယနေ့ နေ့လယ်ပိုင်းတွင်လည်း ရသေ့တောင်မြို့နယ်၊ မူစဲကမ်းရှိ ဇီးကိုင်းရွာအား စစ်ကော်မရှင်မှ ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်းရေးဖော်ဆောင်သည့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့မှ MNDAA၊ TNLA တို့နှင့် အပစ်အခတ်ရပ်စဲလိုက်သည့် စစ်ကော်မရှင်သည် ရက္ခိုင်ပြည်ကို ယခင်ထက် စစ်ရေးထိုးနှက်မှု ပိုမိုပြုလုပ်လာသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ